လာမယ့်(၂၀၁၉-၂၀)ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲက ရုပ်သံအထောက်အကူပြုနည်းပညာ Video assistant referees (VAR) ကို အသုံးပြုတော့မယ်လို့ သိရပါတယ်။ VAR နည်းပညာဟာ ယနေ့ခေတ်ဘောလုံးပြိုင်ပွဲတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး ပြီးခဲ့တဲ့ (၂၀၁၈)ကမ္ဘာ့ ဖလားမှာ အောင်မြင်စွာအသုံးပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုထဲမှာ  ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခု မှသာ VAR နည်းပညာအသုံးပြုခြင်းမရှိသေးပဲ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်လီဂါ၊ လိဂ်ဂူးဝမ်းတို့က အသုံးပြုနေကြပြီဖြစ်ပါ တယ်။ ကလပ်အသင်းအများစုဟာ ယခုနှစ်ရာသီမှာ VAR နည်းပညာ  အသုံးပြုဖို့ ပြီးခဲ့တဲ့ဧပြီလက ဆွေးနွေးစဉ်က ကန့်ကွက် ခဲ့ကြပေမယ့် လက်ရှိမှာတော့ (၂၀၁၉-၂၀)ဘောလုံးရာသီမှာ အသုံးပြုဖို့ကိုတော့ သဘောတူခဲ့ကြပြီဖြစ်ပါတယ်။

အင်္ဂလန် ပြည်တွင်းမှာတော့ VAR နည်းပညာကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုခြင်းမရှိသေးပေမယ့် FA ဖလားပြိုင်ပွဲနဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ပွဲစဉ်အချို့မှာ စမ်းသပ်အသုံးပြုနေတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်ပရီးမီးယားလိဂ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ပြ သခြင်းမရှိတဲ့ ပွဲစဉ်တွေမှာလည်း VAR နည်းပညာကို စမ်းသပ်အသုံးပြုနေပါတယ်။ ဒါပေမဲ့ ယခုစမ်းသပ်မှုဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို တစ်စုံတစ်ရာသက်ရောက်မှုမရှိပဲ နည်းပညာတစ်ခုတည်းကိုသာ  သီးသန့်စမ်းသပ်နေတာဖြစ်ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်မှာ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေအတွက် ဝေဖန်ခံနေရပြီး VAR နည်းပညာကို တောင်းဆိုမှု ပိုမိုများပြားလာခဲ့ ပါတယ်။ VAR နည်းပညာဟာ  သွင်းဂိုးနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ ပင်နယ်တီနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေ၊ တိုက်ရိုက် အနီကဒ်နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေနဲ့ ဒိုင်လူကြီးမမြင်တဲ့အချိန်မှာဖြစ်ပွားတဲ့အဖြစ်အပျက်၊  ဒိုင်လူကြီးမှားယွင်းဆုံးဖြတ်မှု တို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ VAR နည်းပညာကို ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အသုံးပြုတော့မှာ ဖြစ်ပါတယ်။

 

 

Related News