ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကို စီရော်နယ်ဒိုနဲ့ မက်ဆီတို့သာရယူထားနိုင်မှု တွေအပေါ် လက်ရှိ (၂၀၁၈) ခုနှစ်မှာတော့ ရီးရဲယ်လ်မက်ဒရစ်ကွင်းလယ်လူမိုဒရစ်က အကောင်းဆုံးခြေစွမ်းတွေနဲ့ ကျော်ဖြတ်ကာရယူနိုင် ခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလ (၄) ရက်နေ့၊ ယနေ့မနက်အစောပိုင်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲအခမ်းအနားကိုတော့ အကောင်းဆုံးဆုအတွက်ဆန်ကာတင်ကစားသမားတွေအပါအ၀င် ဘောလုံးအသိုင်းအ၀ိုင်းမှ ဘောလုံးသမားဟောင်း တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ ဆန်ကာတင်ကစားသမားတွေဖြစ်ကြတဲ့ မိုဒရစ်နဲ့ ဂရဇ်မန်းတို့တက်ရောက်ခဲ့ကြပေမယ့်လည်း စီရော်နယ်ဒိုကတော့ တက်ရောက်ခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကိုတော့ (၂၀၁၈) ခုနှစ်အတွင်း၊ ရီးရဲယ်လ်မက်ဒရစ် အသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလား၊ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကိုဒုတိယဆုရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူမိုဒရစ်က စီရော်နယ်ဒိုနဲ့ ဂရစ်ဇ်မန်းတို့ကိုကျော်ဖြတ်ကာရယူနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ကိုတော့ မဲအရေအတွက်အရဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ မိုဒရစ်က မဲအရေအတွက် (၇၅၃) မဲ၊ စီရော်နယ်ဒိုက မဲအရေအတွက် (၄၇၈) မဲ၊ ဂရဇ်မန်းက မဲအရေအတွက် (၄၁၄) မဲရရှိခဲ့ကြပါတယ်။

(၂၀၀၈) ခုနှစ်နောက်ပိုင်း Ballon d’Or ဆုကို စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကသာ (၅) ကြိမ်စီရယူနိုင်ခဲ့ကြပြီး၊ လက်ရှိမှာတော့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့  ဆယ်စုနှစ်တစ်ခုကျော်ကြာလွှမ်းမိုးထားမှုတွေကို မိုဒရစ်ကချေဖျက်ပြခဲ့တာဖြစ်ပါတယ်။ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေနဲ့ အမျိုးသမီးတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ လိုင်ယွန်အသင်းနဲ့ နော်ဝေးလ်တိုက်စစ်မှူး ဟီဂါဘတ်တို့ကရယူနိုင်ခဲ့ကြပါတယ်။Ballon d’Or ဆုကိုရယူနိုင်ခဲ့တဲ့မိုဒရစ်အနေနဲ့ကတော့ (၂၀၁၈) ခုနှစ်အတွင်း တစ်နှစ်တာအကောင်းဆုံးဆုတွေကိုသိမ်းကျုံး ရယူနိုင်ခဲ့ပြီး၊ ဥရောပအကောင်းဆုံးကစားသမားဆု၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (The Best Award) နဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) တို့ကိုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

Related News