ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) မှာ ပရိသတ်တွေအတွက်အကြိတ်အနယ်အရှိဆုံးဖြစ်နိုင်မယ့် မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့တွေ့ဆုံပွဲပါဝင်ခဲ့ပေမယ့်လည်း ထင်မှတ်မထားတဲ့ဆိုးရွားတဲ့ခြေစွမ်းတွေ နဲ့ပြီးဆုံးခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတကာအားကစားသတင်းအယ်ဒီတာက ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းဟာ နည်းပြဟောင်းတွေဖြစ်ကြတဲ့ ဖာဂူဆန်၊ အာစင်ဝင်းဂါးလက် ထက်ကတည်းက ရေကုန်ရေခမ်းယှဉ်ပြိုင်မှုတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်ခဲ့တဲ့တွေ့ဆုံမှုတွေဟာ လက် ရှိနည်းပြတွေဖြစ်ကြတဲ့ မော်ရင်ညိုနဲ့ အူနိုင်းအမ်မရီလက်ထက်မှာတော့ ခြေစွမ်းပိုင်းဟာအတော်လေးဆိုးရွားမှု တွေရှိခဲ့ပါတယ်။ မော်ရင်ညိုဟာ တိုက်စစ်အားသန်တဲ့အာဆင်နယ်အသင်းနဲ့တွေ့ဆုံမှုမှာ ခံစစ်ပိုင်းကိုအဓိက ထားပြင်ဆင်ခဲ့ပြီး၊ ခံစစ်ကစားသမား (၅) ဦးအထိအသုံးပြုခဲ့ပြီး၊ အဓိကကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့ လူကာကူတို့ကိုလည်း အရန်ကစားသမားစာရင်းမှာသာထည့်သွင်းခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ အသင်းရဲ့ အဓိကကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီး၊ မန်ယူအသင်းကိုဖိအားပေးဖို့ပြင်ဆင်ခဲ့ပါတယ်။

ပွဲကစားချိန် (၂၆) မိနစ်မှာ အာဆင်နယ်အသင်းဟာ ဂိုးသမားဒီဂီယာရဲ့ အမှားကနေ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေ မယ့်လည်း (၄) မိနစ်အကြာပွဲကစားချိန်မိနစ် (၃၀) မှာတော့ အာဆင်နယ်နောက်ခံလူတွေရဲ့ အာရုံစူးစိုက်မှုအား နည်းရာကနေ မန်ယူအသင်းကချေပဂိုးရရှိခဲ့ပြီး၊ မာရှယ်ကသွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင်ဒုတိယပိုင်းပွဲကစားချိန် အတွင်းမှာလည်း မန်ယူအသင်းရဲ့ လူစားလဲပုံနောက်ကျမှုတွေက ပွဲအဖြေကိုပြောင်းလဲစေခဲ့ပြီး၊ ပွဲကစားချိန် (၆၈) မိနစ်မှာ မန်ယူနောက်ခံလူရိုဂျိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုကြောင့် အာဆင်နယ်အသင်းကပြန်လည်ဦး ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်းချက်ချင်းဆိုသလို၊ ပွဲကစားချိန် (၆၉) မိနစ်မှာ အာဆင်နယ်နောက်ခံလူကို လာစီနက်ရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှုတွေကြောင့် မန်ယူအသင်းကချေပဂိုးထပ်မံရရှိခဲ့ပြီး၊ တောင်ပံကစားသ မားလင်ဂတ်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ တစ်ဖက်နှစ်ဂိုးစီနဲ့သရေရလဒ်ထွက်ပေါ်ခဲ့ပြီး၊ နည်းပြမော်ရင်ညိုရဲ့ ခံစစ်အသားပေးမှုတွေ နဲ့ အာဆင်နယ်ကစားသမားတွေရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေက ပွဲကောင်းတစ်ပွဲရဲ့ ရသကိုပျက်စေခဲ့တယ်လို့ ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

 

 

 

Related News