တံကောက်ကြောဒဏ်ရာကြောင့်အနားယူနေရတဲ့ မန်ယူအသင်းတိုက်စစ်မှူးဆန်းချက်ဇ်ဟာ အသင်းရဲ့ ပွဲစဉ်အချို့ ကိုလွဲချော်ရမှာဖြစ်ပြီး၊ ဒဏ်ရာကြောင့်အနားယူနေရတဲ့အချိန်ကာလကို ဇာတိမြေဖြစ်တဲ့ချီလီနိုင်ငံမှာ ဖြတ်သန်းဖို့ဆန္ဒရှိ နေတာဖြစ်ပါတယ်။နိုဝင်ဘာလ (၂၉) ရက်နေ့က အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့မှုကြောင့် (၄) ပတ်ကြာအနားယူရမယ့်ဆန်းချက်ဇ်ဟာ သူ့ရဲ့ဒဏ်ရာရရှိမှုကို ချီလီလက်ရွေးစင်အသင်းရဲ့ဆေးအဖွဲ့နဲ့ကုသမှု ခံယူဖို့စီစဉ် နေတာ ဖြစ်ပါတယ်။

သူဟာယခုတစ်ပတ်အစောပိုင်းက မန်ချက်စတာမြို့ကနေ ချီလီနိုင်ငံကိုလေကြောင်းခရီးဖြင့်ထွက်ခွာ သွားခဲ့ပြီး၊ လက်ရှိမှာတော့ ချီလီနိုင်ငံမှာ (၂၀၁၉) ခုနှစ်အထိဖြတ်သန်းသွားမှာဖြစ်တယ်လို့ ပြည်ပမီဒီယာတွေက ဖော်ပြခဲ့ကြ ပါတယ်။ နည်းပြမော်ရင်ညိုအနေနဲ့ ဆန်းချက်ဇ်ရဲ့ဒဏ်ရာအခြေအနေဟာ ပြင်းထန်တယ်လို့ပြောကြားခဲ့ပေမယ့်လည်း ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရတဲ့ဆန်းချက်ဇ်ကို အနားပေးလိုတာကြောင့် ဒဏ်ရာပြဿနာကိုအကြောင်းပြခဲ့တာ ဖြစ်တယ်လို့ လည်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဆောင်းရာသီအပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်အသင်းကနေ မန် ယူအသင်းကိုပြောင်းရွှေ့ခဲ့ပြီး၊ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ သူဟာ အသင်းအ တွက်ပွဲစဉ်ပေါင်း (၃၀) ပါဝင်ခဲ့ရာမှာ သွင်းဂိုး (၄) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး၊ ယခုနှစ်ရာသီမှာ သွင်းဂိုး (၁) ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။  မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲရရှိနေတဲ့ ဆန်းချက်ဇ် အနေနဲ့ ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ရရှိနေတဲ့လစာပမာဏနဲ့ ထိုက်တန်ခြင်း မရှိဘူး လို့ ဝေဖန်ခံနေရတာဖြစ်ပါ တယ်။

သူဟာ ယခုလအတွင်းမှာယှဉ်ပြိုင်ကစားမယ့် မန်ယူအသင်းရဲ့ ပွဲစဉ်တွေဖြစ်ကြတဲ့ ဖူလ်ဟမ်၊ ဗလင်စီယာ၊ လီဗာပူးလ်၊ ကာဒစ်စီးတီး၊ ဟက်ဒါဖီးလ်တောင်း၊ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်တွေကိုလွဲချော်ရမှာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူ အသင်းအတွက် ယခုနှစ်ရာသီမှာ ပွဲစဉ်တစ်ပွဲကိုသာပွဲချိန်ပြည့်ပါဝင်ကစားထားခဲ့ပြီး၊ သွင်းဂိုး(၁) ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ မန်ယူအသင်းမှာမပျော်ရွှင်ဖြစ်နေတဲ့ဆန်းချက်ဇ်အတွက် ချီလီမှာ အနားယူပြီးနောက်ပိုင်းခြေစွမ်း ကောင်းတွေနဲ့ မန်ယူအသင်းထံပြန်လည်ရောက်ရှိလာမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

 

Related News