စပါးအသင်းရဲ့တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားအဖြစ်ရှိနေတဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ မန်ယူအသင်းကိုအရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် အချိန်ကာလတစ်ခုထိအနားယူရဖို့ရှိနေပါတယ်။ဟယ်ရီကိန်းဟာ မန်ယူအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မန်ယူနောက်ခံလူ ဖီးဂျုံးနဲ့ လင်ဒီလော့စ် တို့ရဲ့ဖျက်ထုတ်မှု ကြောင့် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဥရောပ မီဒီယာတွေရဲ့ဖော်ပြမှုတွေအရ (၂)လခန့်အနားယူရဖို့ရှိနေကာ စပါးအသင်းရဲ့ အရေးကြီးပွဲစဉ်တွေကိုလွဲချော်ဖို့ ရှိနေတာ ဖြစ်ပါ တယ်။

အသက်(၂၅)နှစ်အရွယ် ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်(၂)ပွဲအပါအ၀င် စပါးအသင်းရဲ့ပွဲစဉ်(၁၁)ပွဲ ထိကို လွဲချော်ဖို့ရှိနေပြီး စပါးနည်းပြပိုချက်တီနို အနေနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားရွေးချယ်ရာမှာ အခက်တွေ့ရတော့မှာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်းကို (၂)လခန့် လက်လွတ်ရမယ့်အခြေနေမှာ အားထားရတဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင် ကလည်း အာရှဖလားပြိုင်ပွဲဝင် တောင်ကိုရီးယားလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်တာကြောင့်စပါး တိုက်စစ်ပိုင်းမှာ အရွယ်လွန်တိုက်စစ်မှူး လော်ရန်တေးနဲ့ ပုံမှန်ခြေစွမ်းရရှိထားခြင်းမရှိတဲ့ ဂျန်ဆန်တို့သာအသုံး ပြုရဖို့ရှိနေတာပါ။ ဟယ်ရီကိန်းဟာ ယခုနှစ်ရာသီမှာ စပါးအသင်းအတွက် လိဂ်ဂိုးသွင်းဂိုး(၁၄)ဂိုးသွင်းယူထားပြီး ဆွန်ဟောင်မင်က(၈)ဂိုး သွင်းယူပေး ကာ စပါးအသင်းမှာ သူတို့(၂)ဦးပေါင်း သွင်းဂိုးရရှိမှုနှုန်းက (၅၀)ရာခိုင်နှုန်း ထိရှိနေတာဖြစ်ပါတယ်။

 

 

Related News