ဇန်န၀ါရီလ(၁၃)ရက် နေ့ကနေ (၂၀)ရက်နေ့အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စနူကာမာစတာ ပြိုင်ပွဲမှာတော့ အိမ်ရှင်နိုင်ငံသား ဂျက်ထရန့်က ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ စနူကာမာစတာပြိုင်ပွဲကို အိမ်ရှင်နိုင်ငံသားတွေဖြစ်တဲ့ အင်္ဂလန်နိုင်ငံသားအများစုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲကို ရှုံးထွက်အဆင့်ကနေ စတင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို အိမ်ရှင်နိုင်ငံသားတွေဖြစ် ကြတဲ့ အိုဆူလီဗန်နဲ့ ဂျက်ထရန့်တို့ကတက်ရောက်ခဲ့ကြပြီး၊ ဂျက်ထရန့်က (၁၀) ပွဲ (၄) ပွဲနဲ့အနိုင်ရရှိခဲ့ပါတယ်။ စနူကာမာစတာပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကိုတော့ Best of 19 ပုံစံနဲ့ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဦးဆုံး ပွဲစဉ် (၁၀) ပွဲအနိုင် ရရှိတဲ့သူကချန်ပီယံဆုကိုရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ချန်ပီယံဆုအတွက်ရေပန်းစားမှုမှာ မာစတာပြိုင်ပွဲတွေမှာ ချန်ပီယံဆု (၇) ကြိမ်အထိစံချိန်တင်ရရှိထားခဲ့တဲ့ အိုဆူလီဗန်ကပိုမိုရေပန်းစားခဲ့ပေမယ့်လည်း အခွင့်အရေး ကောင်းတွေကိုအပြည့်အ၀အသုံးချနိုင်ခဲ့တဲ့ ဂျက်ထရန့်ကချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ ဂျက်ထရန့်ဟာ ပရော် ဖက်ရှင်နယ်ကစားသမားဘ၀ကို (၂၀၀၅) ခုနှစ်ကစတင်ခဲ့ပေမယ့်လည်း စနူကာပြိုင်ပွဲရဲ့ အဓိကပြိုင်ပွဲတွေဖြစ်တဲ့ Master ပြိုင်ပွဲတွေမှာတော့ တစ်ကြိမ်တစ်ခါမှချန်ပီယံဆုကိုရယူနိုင်ခြင်းမရှိခဲ့ပဲ၊ ယခုတစ်ကြိမ်မှသာ ပထမဦးဆုံး Master ပြိုင်ပွဲမှာချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။

ဂျက်ထရန့်ရော အိုဆူလီဗန်ပါ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁) နေရာကိုရယူခဲ့ဖူးသူတွေဖြစ်ခဲ့ပြီး၊ လက်ရှိအဆင့်ရပ်တည်မှုအရကလည်း အိုဆူလီဗန်က ကမ္ဘာ့အ ဆင့် (၃) နေရာနဲ့ ဂျက်ထရန့်က ကမ္ဘာ့ အဆင့် (၅) နေရာတို့မှာရပ်တည်နေခဲ့တာကြောင့် ကမ္ဘာ့ အဆင့်ထိပ်ပိုင်း နေရာမှာ ရပ်တည်နေသူနှစ်ဦးရဲ့ တွေ့ ဆုံမှုဖြစ်တာကြောင့် ပြိုင်ပွဲဟာအကြိတ်အနယ်ရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့ ဂျက်ထရန့်အနေနဲ့ ဆုကြေးငွေပေါင် (၂) သိန်းရရှိခဲ့ပြီး၊ ပြိုင်ပွဲက တော့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ မဟုတ်တာကြောင့် အဆင့်သတ်မှတ်ချက်ကတော့ အပြောင်းအလဲမရှိနိုင်တာ ဖြစ်ပါတယ်။

 

Related News