လန်ဒန်ကလပ်စပါးအသင်းဟာ (၂၀၁၈-၁၉)ဘောလုံးရာသီ အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္တအဆင့်ပွဲစဉ်မှာ လန်ဒန်မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့ပြီး (၄)ရက်အတွင်းမှာ ဖလားပြိုင်ပွဲ(၂)ခုမှ ထွက်ခဲ့ရပါတယ်။ နိုင်ငံတကာအားကစား သတင်းအယ်ဒီတာက ဆက်လက်တင်ဆက်ပေးမှာပါ။
စပါးအသင်းဟာ အက်ဖ်အေဖလားစတုတ္တအဆင့်မှ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ကော်နာ ၀စ်ဟမ်း၊ တောင်ဆန်တို့ရဲ့ သွင်းဂိုးတွေကြောင့် (၂)ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရပါတယ်။ စပါးအသင်းဟာ အက်ဖ်အေ ဖလားပြိုင်ပွဲမတိုင်ခင်ကလည်း ဇန်န၀ါရီ(၂၄)ရက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး (၂)ကျော့ပေါင်း(၂)ဂိုးစီ သရေ ရလဒ်နဲ့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ (၄)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရဖြစ်ပါတယ်။
ဇန်န၀ါရီ (၂၄)ရက်က လိဂ်ဖလားပြိုင်ပွဲကနေထွက်ခွာထားရတဲ့ စပါးအသင်းဟာ ဇန်န၀ါရီ(၂၇)ရက် မှာလည်း ခရစ္စတယ်ပဲ လေ့စ်ကိုအရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရတာကြောင့် (၄)ရက်အတွင်းမှာ ဖလားပြိုင်ပွဲ(၂)ခုမှ ထွက်ခဲ့ရတဲ့ အခြေနေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ စပါးအသင်းဟာ ဇန်န၀ါရီ(၁၆)ရက်မှာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ခြေကျင်းဝတ်ဒဏ်ရာ ကြောင့် (၂)လလက်လွတ်ထားရပြီး သူပါဝင်ကစားနိုင်ခြင်းမရှိခဲ့တဲ့ပွဲစဉ်(၃)ပွဲမှာ (၂)ပွဲအရေးနိမ့်ကာ ဆုဖလား(၂)လုံး လမ်းကြောင်း ပေါ်က သွေဖယ်ခဲ့ရတာပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ ကော်နာဝစ်ဟမ်း ဟာဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူ ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးဟာ ရက်ပေါင်း(၇၉၉)ရက်အကြာမှာမှ ပထမဆုံးပြန်လည်သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဖြစ်ခဲ့ပါတယ်။
