ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ ယခုနှစ်အပြောင်းအရွှေ့ကာလ(၂)ခုစလုံးကို ကစားသမားသစ် လုံးဝ ခေါ်ယူခဲ့ခြင်းမရှိပဲ အပြောင်းအရွှေ့ကာလ(၂)ခုဆက် ကစားသမားမခေါ်ယူခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ် ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။စပါးအသင်းဟာ ကွင်းသစ်စီမံကိန်းကြောင့် ငွေကြေးကို ချွေတာအသုံးပြုနေရပြီး ကစားသမားသစ်ခေါ် ယူဖို့အတွက် ပြောင်းရွှေ့ကြေးအသုံးပြုနိုင်ခြင်းမရှိပဲ အပြောင်းအရွှေ့တွေကို လက်ရှောင်နေရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာလည်း ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသလို ချိန်ရွယ်ခဲ့တဲ့ ကစားသမား တွေကိုလည်း လက်လွတ်ခဲ့ရပါတယ်။ယခုရက်ပိုင်းအတွင်းပြီးဆုံးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာလည်း ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဟာရီကိန်း၊ ခံစစ်ပိုင်းအားနည်းမှုတွေအတွက် ကစားသမားသစ်ခေါ်ယူမယ်လို့ သ တင်းထွက်ခဲ့ပေမယ့် တကယ်တမ်းခေါ်ယူနိုင်ခြင်းမရှိခဲ့တာပါ။

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချယ်ဆီးမှ တိုက်စစ်မှူး ဘက်ရှူအာရီကို အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးအသင်းက အငှားချကြေး ပေါင်(၈) သန်းထိတောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ပါတယ်။ စပါးဘုတ်အဖွဲ့ဟာ ကစားသမားသစ်တွေအ တွက် ရင်းနှီးမြုတ်နှံမှုလုံးဝပြုလုပ်လိုခြင်းမရှိဘူးလို့ မီဒီယာတွေက သုံးသပ်နေကြပြီး ဒီအချက်ကို နည်းပြပိုချက် တီနိုကလည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ အပြောင်းအရွှေ့ကာလတိုင်း ငွေကြေးများစွာသုံးစွဲပြီး ကစားသမားသစ်တွေကို ခေါ်ယူလေ့ရှိပေမယ့် စပါးအသင်းက အပြောင်းအရွှေ့ကာလ (၂)ခုဆက်ကစားသမားသစ်မခေါ်ယူခဲ့ပဲ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းကတော့ ကစားသမားသစ်မ ခေါ်ဘူးဆိုပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရလဒ်ကောင်းနေဆဲဖြစ်ပြီး ပွဲစဉ်(၂၄)အပြီးမှာ ရမှတ်(၅၄)မှတ်နဲ့ အ ဆင့်(၂)နေရာမှ မန်စီးတီးနဲ့ (၂)မှတ်အကွာ အဆင့်(၃)နေရာမှာရပ်တည်နေပါတယ်။

 

 

Related News