လာလီဂါကလပ်အသင်းတွေအနေနဲ့ လက်ရှိအပြောင်းအရွှေ့ ဖွင့်လှစ်ထားခဲ့တဲ့ (၁၉) ရက်အတွင်းမှာ ခြေလှမ်းကျဲကျဲနဲ့အပြောင်းအရွှေ့ တွေပြုလုပ်နေပြီး၊ အပြောင်းအရွှေ့ စရိတ်အသုံးပြုထားခဲ့တဲ့ ပမာဏကတော့ ယူရိုသန်း (၅၂၀) အထိရှိလာခဲ့တယ်လို့သိရပါတယ်။ ဇွန်လ (၁) ရက်နေ့ကနေ လက်ရှိ (၁၉) ရက်နေ့အထိ လာလီဂါကလပ်အသင်းတွေအနေနဲ့ အခြားသော လိဂ်ကကလပ် အသင်း တွေထက် အပြောင်းအရွှေ့ တွေပိုမိုပြုလုပ်ထားခဲ့ပြီး၊ နာမည်ကြီးအပြောင်းအရွှေ့ ဖြစ်ပေါ် လေ့ရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထက် တောင် အပြောင်းအရွှေ့ များစွာပြုလုပ်ထားခဲ့ပါတယ်။ လာလီဂါကလပ်အ သင်းတွေထဲမှာ ပြောင်းရွှေ့ ကြေးအမြင့်ဆုံးအသုံးပြု ထားခဲ့တဲ့ ကလပ်အသင်းကတော့ အသင်းကိုအလုံးစုံပြင်ဆင် မှုတွေပြုလုပ်နေတဲ့ရီးရဲယ်လ်မက်ဒရစ်အသင်းဖြစ်ပြီး၊ ရီးရဲယ်လ် မက်ဒရစ် အသင်းဟာ ဟာဇက်၊ လူကာဂျိုဗစ်၊ မန် ဒီ၊ ရိုဒရီဂိုနဲ့ မီလီတာအိုတို့အတွက်အသုံးပြုထားခဲ့တဲ့ပြောင်းရွှေ့ကြေးဟာ ယူရို (၃၀၃) သန်းအထိအသုံးပြုထား ခဲ့ပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ နောက်မှာတော့ ဘာစီလိုနာအသင်းက ယူရို (၈၇) သန်း၊ ဆီးဗီးလားအ သင်းက ယူရိုသန်း (၄၀)၊ ရီးရဲယ်လ်ဘက်တစ်အသင်းက ယူရိုသန်း (၃၀)နဲ့ ရီးရဲယ်လ်ဆိုစီဒက်အသင်းက ယူရို (၁၁) သန်းအသုံးပြုထားခဲ့ပါတယ်။

လာလီဂါကလပ်အသင်းတွေရဲ့ နောက်မှာတော့ ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြု ထားခဲ့တဲ့ ကလပ်အသင်းတွေက ဘွန်ဒက်လီဂါကလပ်အသင်းတွေဖြစ်ပြီး၊ ယူရို (၃၈၄)သန်း၊ စီးရီးအေကလပ်အသင်းတွေက ယူရို (၂၉၂) သန်း၊ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ယူရို (၁၉၆)သန်း၊ ပြင်သစ်လိဂ်ဂူးဝမ်းကလပ်အသင်းတွေက ယူရို (၃၂) သန်းနဲ့ ပေါ်တူဂီကလပ်အသင်းတွေကတော့ ယူရို (၂၈)သန်း အသုံးပြုထားခဲ့ကြပါတယ်။ လာလီဂါကလပ်အသင်းတွေ အနေနဲ့ လက်ရှိအပြောင်းအရွှေ့ ဖွင့်လှစ်ထားခဲ့တဲ့ (၁၉)ရက်အတွင်းမှာ ယူရိုသန်း (၅၂၀) အထိအသုံးပြုထားခဲ့ပြီး၊ ပြောင်းရွှေ့ ကြေးအမြင့်ဆုံးအသုံးပြုခဲ့တဲ့ (၂၀၁၇) ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့က ယူရို (၅၅၇)သန်းအထိ အသုံးပြုထားခဲ့တဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့လည်း နီးစပ်လာခဲ့ပါတယ်။

 

 
 
 

 

Related News