ထိုင်းနိုင်ငံတောင်ပိုင်းမှာ အခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းနိုင်တယ်ဆိုတဲ့ မိုးလေ၀သခန့်မှန်းချက်ကြောင့် တောင်ပိုင်းခရိုင်အာဏာပိုင်နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေဟာ နောက်တစ်ကြော့ဖြစ်လာနိုင်ချေရှိတဲ့ရေကြီးမှုအတွက် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းမှာ မိုးဆက်တိုက်ရွာနိုင်တယ်ဆိုတဲ့ရာသီဥတုခန့်မှန်းချက်ကြောင့် ရေကြီးမှုဖြစ်လာနိုင်ခြေရှိမှုအပေါ် ကြိုတင်ပြင်ဆင်တာတွေလုပ်ဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအေဂျင်စီတွေကို ထိုင်းဝန်ကြီးချုပ် ““ပရာယွတ် ချန်အိုချာ””က ညွှန်ကြားထားပါတယ်။

မိုးရွာသွန်းမှုဟာ ဇန်န၀ါရီလ (၁၆)ရက်ကနေ (၁၈)ရက်အထိဖြစ်နိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနက ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့အနိမ့်ပိုင်းနေရာတွေကနေ မြင့်တဲ့နေရာကိုပြောင်းရွေ့ဖို့နဲ့ ခရီးဝေးသွား သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုရှိအောင် ဂရုစိုက်ကြဖို့ အစိုးရအဖွဲ့ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ““ဆန်စန်””က အကြံပြုထားပါတယ်။ ပြင်းထန်လေတိုက်တာတွေနဲ့ ပင်လယ်လှိုင်း ကြီးတာတွေဖြစ်လာနိုင်လို့ သင်္ဘောငယ်တွေကို ကမ်းကပ်ဖို့ သတိပေးထားပါတယ်။

ရွာသားတွေ အနေနဲ့လက်ရှိရာသီဥတုခန့်မှန်းချက်တွေနဲ့ အစိုးရရဲ့မိုးလေ၀သသတိပေးချက်တွေကိုလည်း အနီးကပ် လိုက်နာဖို့ ဆန်စန်က အကြံပေးထားပါတယ်။  ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင်း မိုးသည်းရေကြီးမှုတွေဖြစ်ပွားထားလို့ သေဆုံးသူ(၃၀)ကျော်အထိရှိထားပါတယ်။ လက်ရှိမှာ ထိုင်းအစိုးရဟာ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေထိုင်းဘတ်သန်း(သုံးရာ)ကျော် ရရှိထားပါတယ်။      

 

 

Related News