ရာသီဥတုပူပြီး ခြောက်သွေ့တဲ့ သြစတေးလျနိုင်ငံမှာ တောမီးလောင်မှုတွေ မကြာခဏဖြစ်ပွား လေ့ရှိပါတယ်။ အခုတစ်ကြိမ်မှာလည်း နယူးဆောက်ဝေးလ်စ် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တောမီးကို မီးသတ်သမားတွေ ငြိမ်းသတ်ဖို့ ခက်ခဲနေတုန်းဖြစ်ပါတယ်။

နယူးဆောက်ဝေးလ်စ်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့တောမီးတွေကြောင့် ပြည်နယ်အတွင်းက မြို့ငယ်တစ်ခုမှာ တော်တော် များများပျက်စီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ စံချိန်တင်အပူချိန်ကျရောက်ပြီးတဲ့နောက် တောမီးလောင်မှု ၈၀ ကျော် အထိရှိနေတာဖြစ်ပြီး တနင်္လာနေ့အစောပိုင်းအထိ လောင်ကျွမ်းနေတုန်းဖြစ်ပါတယ်။

သီတင်းပတ်ကုန်ကာလအတွင်းမှာစတဲ့ ဒီတောမီးလောင်မှုမှာ ပျက်စီးဆုံးရှုံးမှုတွေရှိပေမဲ့ သေဆုံးသူမရှိထားဘူးလို့ သြစတေးလျ ကျေးလက်မီးသတ်ဌာနက ပြောပါ တယ်။ တောမီးလောင်မှုဟာ ၁၂၄ မိုင်နီးပါးအထိကျယ်ပြန့်တာ နေတာဖြစ်ပြီး ဟတ်တာ ငါးသောင်းကျော်လောင်ကျွမ်းသွားပြီးဖြစ်ပါတယ်။

ပြည်နယ်အတွင်းက မီးတောက်တွေကို မီးသတ်သမား နှစ်ထောင်ကျော်နဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်ငြိမ်းသတ်နေ တုန်းဖြစ်ပါတယ်။ အခုတစ်ကြိမ်ဖြစ်တဲ့တောမီးတွေဟာ ၀ိတိုရိယပြည်နယ်မှာ ၂၀၀၉ ခုနှစ်တုန်းကဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့တဲ့တောမီးတွေထက် ပိုပြီးပြင်းထန်တယ်လို့ သြစတေးလျအာဏာပိုင်တွေကပြောပါတယ်။

တောမီးလောင်မှုဟာ မခန့်မှန်းနိုင်တဲ့အခြေအနေမှာ ရှိနေပေမဲ့ လာမယ့်ရက်အတွင်းမှာ အပူချိန်လျော့နည်းနိုင်ချေရှိတယ်လို့ သြစတေးလျ မိုးလေ၀သ ဗျူရိုက ခန့်မှန်းထားပါတယ်။

 

 

Related News