အမေရိကန်နိုင်ငံအတွင်းက ဆည်တွေထဲ အရှည်ဆုံးဆည်ဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဆည်တစ်ခု ဆည်ရေလျှံမှုဖြစ်ပွားလို့ ဆည်အနီးနားမှာနေထိုင်သူ ၂ သိန်းနီးပါးဟာ ဘေးလွတ်ရာပြောင်းရွှေ့နေရပါတယ်။

အခုသီတင်းပတ်ကုန်ပိုင်းအတွင်း စံချိန်တင် မိုးရွာသွန်းမှုဖြစ်ပွားပြီးတဲ့နောက် အမေရိကန်နိုင်ငံ အတွင်းက အရှည်ဆုံးဆည်ရေလျှံ မှုဖြစ်ပွားပြီးနောက်ဆည်ကျိုးမယ့် အန္တရာယ်ကာကွယ်နိုင်ဖို့ ဆည်အနီးနားမှာနေထိုင်သူ တစ်သိန်းရှစ်သောင်းကျော်ကို အာဏာပိုင် တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။

ပေပေါင်း ၇၇၀ ရှိတဲ့ အော်ရိုဗေး ဆည်ရဲ့အရေးပေါ်ဆည် ရေလွှဲ လမ်းကြောင်းမှာ ရေလျှံမှုဖြစ်ပွားပြီးတဲ့နောက် ဘေးလွတ်ရာပြောင်းရွှေ့ခိုင်းတဲ့အစီအစဉ် ထွက်ပေါ်လာတာပါ။ အခုတော့ ဆည်ရေလျှံမှုကိုလည်း ပိတ်လိုက်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဘေးလွတ်ရာပြောင်းရွှေ့မိန့်ကတော့ ဆက်ပြီး ထားထား တုန်းဖြစ်တယ်လို့ ဘတ် ကောင်တီ ရဲအရာရှိကပြောပါတယ်။  နှစ်ချီတဲ့မိုးခေါင်မှုဖြစ်ပွားပြီးတဲ့နောက် နှင်းနဲ့မိုးသည်းမှု ဖြစ်ပွားလို့ ဆည်ရေပြင်မြင့်တက်ခဲ့တာပါ။ ဒါ့ပြင် ဆည်ရေလျှံမှုဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဆည်ရေ ကုဗပေ တစ်သိန်းနီးပါးကို လွှတ်ချခဲ့ပြီးဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်ရေအရင်းအမြစ်ဌာနက ပြောပါတယ်။  တနင်္ဂနွေနေ့မှာ အင်တာနက်လူမှုကွန်ယက်မှာတင်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ ဆည်အနီးနားမှာ နေထိုင်သူတွေကို အခုတစ်ကြိမ်ရွှေ့ပြောင်းနေထိုင်ခိုင်းတာဟာ လေ့ကျင့်မှုမဟုတ်ဘဲ အမှန်တကယ် ရွှေ့ပြောင်းကြဖို့ဆိုတဲ့ သတိပေး ချက်လည်းပါဝင်ပါတယ်။ 

 

 

Related News