ကိုလံဘီယာနိုင်ငံမှာ အခုလတစ်လတည်းအတွင်းဖြစ်ပွားတဲ့ ဒုတိယအကြိမ်မြေပြိုမှုမှာ လူပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုလအစောပိုင်း တုန်းကလည်း မိုကိုအာမြို့မှာ မိုးသည်းမှုတွေအပြီး ဖြစ်ပွားတဲ့ရေကြီး၊ မြေပြိုမှုကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ကြိမ်မြေပြိုမှုမှာ  တောင်ထူထပ်တဲ့ မာနီဆားလက်စ်မြို့ ၀န်းကျင်မှာ ဖြစ်ပွားသွားတာဖြစ်ပါတယ်။ မာနီဆားလက်စ်မြို့ဟာ ကာဒတ်ခရိုင်ရဲ့မြို့တော်ဖြစ်ပြီး ကိုလံဘီယာနိုင်ငံရဲ့ကော်ဖီထုတ်လုပ်ရာ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုလံဘီယာသမ္မတ ကတော့ မြေပြိုမှုဖြစ်ပွားတဲ့နေရာကို သွားရောက်ဖို့ ကြိုးစားနေတယ်လို့ ပြောထားပေမဲ့ ရာသီဥတုဆိုးရွားလို့ လေဆိပ်ပိတ်ထားတာကြောင့် သမ္မတခရီးစဉ်ဟာ နောက်ကျမယ့်အခြေအနေ ရှိနေပါတယ်။

လေဆိပ်ပြန်ဖွင့်တာနဲ့ တတ်နိုင်သမျှ မာနီဆားလက်စ်မြို့ကို မြန်မြန်သွား နိုင်အောင်ကြိုးပမ်းမယ်လို့ သမ္မတက ပြောပါတယ်။ မြေပြိုမှုဟာ မိုးသည်းမှုကြောင့်ဖြစ်ပွားခဲ့တာလို့ မြို့တော်ဝန် ကာဒိုနာ လီယွန်က ပြောထားပြီး ဗုဒ္ဓဟူးနေ့ည တစ်ညတည်းမှာတင်ရွာတဲ့မိုးရေချိန်ဟာ မြို့ရဲ့တစ်လလုံးစာမိုးရေချိန်ကို ရောက်ရှိခဲ့တယ်လို့ပြောပါတယ်။ တောင်ထူထပ်တဲ့ ကိုလံဘီယာနိုင်ငံမှာ မိုးသည်းမှုတွေနဲ့ ပုံမှန်မဟုတ်တဲ့ အဆောက်အဦးဆောက်လုပ်မှုတွေကြောင့် သဘာဝ ဘေးအန္တရာယ်ဒဏ် မကြာခဏ ခံစားရလေ့ရှိပါတယ်။ 

 

 

Related News