ငလျင်ပြင်းအား(၈)ဒဿမ(၁)မဂ္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု မက္ကဆီကိုကမ်းခြေရဲ့ တောင်ဘက်ပိုင်းကို ဒေသစံတော်ချိန် စက်တင်ဘာလ(၇)ရက်ညပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒဌာနက ပြောပါတယ်။ ငလျင်ကြောင့် မက္ကဆီကိုနိုင်ငံ၊ မြို့တော်မက္ကဆီကိုမှာ အဆောက်အဦးတွေလှုပ်ခါခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူ(၆)ဦးဟာ မက္ကဆီကိုနိုင်ငံကဖြစ်ပြီး တစ်ဦးကတော့ဂွာတီမာလာနိုင်ငံက ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်ဟာ ထပ်မံမြင့်တက်လာ နိုင်တယ်လို့ မက္ကဆီကိုအရာရှိတွေက ပြောပါတယ်။ငလျင်ဟာ မက္ကဆီကိုနိုင်ငံ၊ ပီဂျီဂျာပန်မြို့အနောက်တောင်ဘက်(၇၆)မိုင် အကွာက မြေအောက်အနက် (၂၁)မိုင်ကို  ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်နောက်ဆက်တွဲအနေနဲ့ အမြင့်(၂)ပေခွဲနီးပါး ရှိတဲ့ ဆူနာမီလှိုင်းတွေ လှုတ်ခတ်လာဖွယ်ရှိနေတယ်လို့ ပစိဖိတ်ဆူနာမီသတိပေးရေးဌာနက ပြောပါတယ်။ (၁၉၈၅)ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ပြီးရင် ယခုလှုပ်ခတ်တဲ့ ငလျင်ဟာအင်အားအပြင်းဆုံးငလျင်ဖြစ်ပါတယ်။ (၁၉၈၅)ခုနှစ် ငလျင်တုန်းကတော့ သေဆုံးသူထောင်ချီ ရှိခဲ့ပါတယ်။ ပြိုကျခဲ့တဲ့အဆောက်အဦးတွေထဲမှာ ပိတ်မိနေတဲ့သူတွေကိုကယ်ဖို့ ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညတွင်းချင်း ဆောင်ရွက်နေပါတယ်။

 

Related News