မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ စက်တင်ဘာလ(၇)ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက် (၉၁)ဦးအထိမြင့်တက်လာပြီး ငလျင်ဒဏ်ခံခဲ့ရသူတွေဟာ လုံလောက်တဲ့ အထောက်အပံ့တွေ မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ငလျင်ပြင်းအား (၈)ဒဿမ(၁) မဂ်္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်ကြီးတစ်ခု မက္ကဆီကိုကမ်းခြေရဲ့ တောင်ဘက်ပိုင်းကို ဒေသစံတော်ချိန် စက်တင်ဘာလ(၇)ရက် ညပိုင်းမှာ လှုပ်ခတ်ခဲ့လို့ သေဆုံးသူ ဦးရေဟာ(၉၁)ဦး အထိရှိနေပြီလို့ မက္ကဆီကို နိုင်ငံအစိုးရဘက်က သတင်းထုတ်ပြန် လိုက်ပါတယ်။ မက္ကဆီကိုနိုင်ငံတောင်ပိုင်းကအွာဟာကာပြည်နယ်မှာ စက်တင်ဘာလ (၉)ရက် အထိစာရင်းတွေအရ သေဆုံးသူ(၇၁)ဦးရှိခဲ့ပြီး သေဆုံးသူအများစုဟာ ဂျူချီတန်မြို့က ဖြစ်တယ်လို့ ပြည်နယ်ရဲ့ ပြောခွင့်ရှိသူတွေကပြောပါတယ်။

အွာဟာကာပြည်နယ်နားက ချီယာပတ်စ်ပြည်နယ်မှာ သေဆုံးသူ (၁၆)ဦးရှိခဲ့ပြီး တာဘတ်စ်ကို ပြည်နယ်မှာတော့ သေဆုံးသူ(၄)ဦးရှိခဲ့တယ်လို့ ဒေသခံအရေးပေါ် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုရဲ့ ပြောခွင့်ရှိသူက စက်တင်ဘာလ(၁၀)ရက်မှာ ပြောပါတယ်။ နောက်ဆက်တွဲငလျင်တွေက စက်တင်ဘာလ(၁၀)ရက်အထိ ဆက်လက်လှုပ်ခတ်နေပြီး လူအများစုက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေကို ပြန်ရမှာကြောက်နေကြတဲ့ အတွက် ပန်းခြံတွေနဲ့ ဟင်းလင်းပြင်တွေမှာ နေနေကြပါတယ်။ ငလျင်ကြောင့် လူ(၈)သိန်း လောက်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီးမက်္ကဆီကို နိုင်ငံတောင်ပိုင်းက ပြည်သူထောင်ချီဟာ ရေနဲ့လျှပ်စစ် ဓာတ်အားပြတ်တောက်နေပါတယ်။ ငလျင်ပြီးနောက်ပိုင်းမှာမက္ကဆီကို နိုင်ငံတောင်ပိုင်းက ပြည်သူတွေ ဟာ လုံလောက်တဲ့ အထောက်အပံ့တွေမရသေးဘူးလို့ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး သတင်းတွေမှာဖော်ပြနေပါတယ်။

 

Related News