ဒီဇင်ဘာလ(၁)ရက်က အီရန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူမရှိခဲ့ပဲ ဒဏ်ရာရသူ(၄၂)ဦးရှိခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံဌာနက သတင်းဖော်ပြခဲ့ပါတယ်။ ငလျင်ပြင်းအား(၆)မဂ္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်တစ်ခု အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာ(၁)ရက်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒဆိုင်ရာလေ့လာရေးဌာနက ပြောပါတယ်။ ငလျင်ကြောင့် ဒဏ်ရာရသူ(၄၂)ဦးရှိခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသက ရွံ့အိမ်တွေများတာကြောင့် အိမ်ခြေပျက်စီးမှုများခဲ့ပါတယ်။
 
ဒါပေမဲ့ ငလျင်ကြောင့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့ အီရန်နိုင်ငံပိုင် ရုပ်သံဌာနက သတင်းဖော်ပြပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေ၊ အထူးတပ်ဖွဲ့တွေနဲ့ အနံ့ခံခွေးတွေကို ငလျင်ဒဏ်သင့် ကာမန်စီရင်စုကို စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ အီရန်က ဖားစ်သတင်းအေဂျင်စီက သတင်းဖော်ပြပါတယ်။ ငလျင်ဗဟိုချက်ဟာ ကာမန်မြို့ရဲ့ (၃၆)မိုင်အကွာမှာ ရှိတာဖြစ်ပြီး မြေအောက်(၆)မိုင်လောက်မှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒဆိုင်ရာလေ့လာရေးဌာနက ပြောပါတယ်။ ငလျင်ကြောင့် တချို့မြို့တွေမှာ သောက်ရေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီဖြစ်တယ်လို့ အီရန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
 
ပြီးခဲ့တဲ့နိုဝင်ဘာလ ဒုတိယအပတ်တုန်းကလည်း ငလျင်ပြင်းအား(၇.၃)မဂ္ဂနီကျူ့အဆင့်ရှိတဲ့ ငလျင်တစ်ခု အီရန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့လို့ လူ(၅၃၀)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူထောင်ချီရှိခဲ့ပါတယ်။ အီရန်နိုင်ငံဟာ ငလျင်ဒဏ်မကြာခဏကြုံတွေ့ရလေ့ ရှိပြီး (၂၀၀၃)ခုနှစ်က ကာမန်စီရင်စုမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူ(၃၁၀၀၀)ကျော်သေဆုံးခဲ့ပြီး ဘန်ရှေးဟောင်းမြို့လည်း ပျက်စီးခဲ့ပါတယ်။ 
 
 
 
 
 

Related News