မတ်လ(၆)ရက်က တည်းကစတင်ခဲ့တဲ့ ရှီမိုအဲမီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ကနေ ချော်ရည်တွေ ဆက်စီးထွက်လာဖွယ်ရှိနေတယ်လို့ ဂျပန် အာဏာပိုင်တွေကပြောပါတယ်။ မတ်လ(၆)ရက်က ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီမာစီရင်စုနဲ့ မီယာဇာကီစီရင်စုကြား ကီရီရှီမာတောင်တန်းမှာရှိတဲ့ ရှီမိုအဲ မီးတောင်ဟာ ပြီးခဲ့တဲ့(၇)နှစ်အတွင်းပထမဆုံးအနေနဲ့အဓိကမီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မတ်လ(၈)ရက်အထိပေါက်ကွဲမှုဆက် ဖြစ်နေပါတယ်။ မီးတောင်ကနေချော်ကျောက်တွေနဲ့ ချော်ရည်တွေစီးထွက်လာမှာကိုသတိထားကြဖို့ ဒေသခံတွေကို ဂျပန်မိုးလေ ၀သအေဂျင်စီက သတိပေးနေပါတယ်။

အေဂျင်စီက အန္တရာယ်သတိပေးချက်အဆင့်(၃)သတ်မှတ်ထားပြီး ဒေသခံတွေအနေနဲ့ မီးတောင်နားမသွားကြဖို့ အေဂျင်စီကအကြံပြုခဲ့ပါတယ်။ မတ်လ(၁)ရက်ကတည်းက မီးတောင်ပေါက်ကွဲခဲ့တာကို စတင်တွေ့ရှိခဲ့ တယ်လို့ ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုဆက်ဖြစ်နေတာကြောင့် မီးတောင်ကနေ(၇၀၀)မီတာ လောက်အထိ ချော်ကျောက်တွေစီးထွက်လာပြီး အမြင့်မီတာ(၃၀၀၀)မီတာလောက်အထိ မီးခိုးငွေ့တွေရောက်ရှိနေပါတယ်။ မီးခိုး ငွေ့တွေမှာပါဝင်တဲ့ဆာလဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေက မတ်လ(၂)ရက်ကထက် (၁၅)ဆလောက်ပိုများနေပြီး မီးတောင် ပေါက်ကွဲမှုကြောင့် ငလျင်အသေးစားတွေလှုပ်နေပါတယ်။ မီးတောင်တွင်းလှုပ်ရှားမှုတွေကြောင့် မီးတောင်ဝကနေ ချော်ရည်တွေ ထပ်စီးကျလာဖွယ်ရှိနေတယ်လို့ ဂျပန်အာဏာပိုင်တွေကခန့်မှန်းနေကြပါတယ်။ 

 

 

Related News