မေလ(၂၉)ရက်ညနေပိုင်းက သီရိလင်္ကာနိုင်ငံ၊ အနောက်တောင်ကုန်းရဲ့ အလယ်ပိုင်း ကုန်းမြင့်ဒေသမှာ လေပြင်းတွေတိုက်ခတ်ခဲ့ ပါတယ်။ လေပြင်းတွေကြောင့် နှစ်ချို့သစ်ပင်ကြီးတွေက လျှပ်စစ်ဓာတ်အားလိုင်းတွေပေါ် လဲကျခဲ့ပြီး နိုင်ငံရဲ့နေရာအတော်များ များမှာ ဓာတ်အား ပြတ်တောက်နေတဲ့အပြင်  လူ(၁၄၀၀၀)လောက်က လျှပ်စစ်ပြတ်တောက်တဲ့ ဒဏ်ခံနေရတယ်လို့ သီရိလင်္ကာ လျှပ်စစ်ဘုတ်အဖွဲ့ကပြောပါတယ်။

လေပြင်းတွေကြောင့် လူ(၄)ဦးဒဏ်ရာရခဲ့ပြီး ၀ီလီမာဒါ၊ ဟယ်ဒမ်မူလာနဲ့  ဟာပူတေးလ်မြို့တွေက အိမ်(၇၀)လောက်ပျက်စီးခဲ့ပါတယ်။ မိသားစု(၁၄)ခုက လူ(၆၀)ဦးကို ကာတာဘူလ၀ါမြို့က တမီးကောလိပ်ကို ယာယီ ပြောင်းရွှေ့ ပေးထားပါတယ်။ မေလ(၃၀)ရက်မနက်ပိုင်းက လေပြင်းကြောင့် တောင်ကုန်းတွေမှာရှိတဲ့ ရထားလမ်းတွေပေါ် လဲကျနေတဲ့သစ်ပင်တွေကို ရှင်းလင်းနိုင်ခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အခြေအနေ ပြန်ဖြစ်နေပါပြီ။

အနောက်တောင်မုတ်သုံလေအား ကောင်းလာတာကြောင့် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း(၁)ခုဖြစ်နေတဲ့အတွက် လေပြင်းတွေ တိုက်နေတာပါ။ လာမယ့်(၂)ရက်အတွင်း အလယ်ပိုင်း ကုန်းမြင့်ဒေသ၊ အနောက်တောင်ကုန်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လေပြင်းတွေဆက် တိုက်နေနိုင်တယ်လို့ သီရိလင်္ကာမိုးလေ၀သဌာနကထုတ်ပြန်ထားပြီး လေပြင်းတိုက်ခတ်နှုန်းက (၁)နာရီကို (၆၀)ကီလိုမီတာနှုန်း အထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

 

 

Related News