ယခုနှစ်ရွှေစာရံဘုရားပွဲမှာ ဒုဋ္ဌ၀တီမြစ်အတွင်းပြေးဆွဲပေးတဲ့ ငှက်လှေတွေအစား စက်လှေတွေ အစားထိုးပြေးဆွဲမှု ပိုများလာတယ်လို့ သိရပါတယ်။ တပေါင်းလအတွင်းကျင်းပတဲ့ ရွှေစာရံဘုရားပွဲမှာ ရွှေစာရံဘုရားကနေ နဋောင်းကျ (နထောင်းကျ)ဘုရားကို ဒုဋ္ဌ၀တီမြစ်ကနေ ပြေးဆွဲပေးနေတဲ့ ငှက်လှေအရေအတွက်က အရင်နှစ်တွေက အစီးရေ ၇၀ ခန့်ရှိပြီး  ဒီနှစ်မှာတော့ ရွှေစာရံ ဂေါပကကိုတင်ပြတဲ့စာရင်းအရ ၅၈ စင်းပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

ဒီလိုရွှေစာရံဘုရားမှာ လာရောက်ပြေးဆွဲတဲ့ လှေအရေအတွက်နည်းသွားပေမယ့် အရင်ဌက်လှေ အသုံးပြု ပြေးဆွဲပေးတဲ့အစား စက်လှေတွေအစားထိုးပြေးဆွဲလာတာ သုံးနှစ်ရှိပြီဖြစ်ပါတယ်။အရင်နှစ်တွေ တုန်းက စက်လှေပါဝင်မှု ၁၀ စီးခန့်သာရှိပေမယ့် ဒီနှစ်မှာတော့ အစီးရေ ၃၀ကျော်အထိ အစားထိုး ပြောင်းလဲပြေးဆွဲမှုတွေရှိ လာတယ်လို့ ရွှေစာရံရေကြောင်းကြီးကြပ်သူ ကိုအောင်နိုင်စန်းက အခုလို ပြောပါတယ်။ ဒီရွှေစာရံဘုရားပွဲတော်အတွက် အမရပူရ၊ တောင်သမန်၊ စစ်ကိုင်းက ငှက်လှေ၊ စက်လှေ သမားတွေ နှစ်စဉ် လာရောက်ပြေးဆွဲကြတာဖြစ်ပြီး ဘုရားပွဲပြီးရင်တော့ စက်လှေတစ်စီးခြင်းက သတ်မှတ်ထားတဲ့ ပူဇော်ငွေထည့်ဝင်ပေးရတယ်လို့သိရပါတယ်။

 

 

Related News