ယခု၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ့်နိုင်ငံကို ဆန်တန်ချိန် (သုံးသိန်း)တင်ပို့ဖို့ သဘောတူညီခဲ့ပြီး နားလည်မှုစာချွန်လွာ (MOU)လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တင်ပို့ဖို့အတွက် MOU လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာလ ၇ ရက်က နေပြည်တော်မှာရှိတဲ့ ဟီလ်တန်ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖက်က တာဝန်ရှိသူတွေ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ယခုတင်ပို့မယ့် ဆန်တန်ချိန် (သုံးသိန်း)ကို လာမယ့်အောက်တိုဘာလမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပင်လယ်ရေကြောင်းလမ်းက တစ်ဆင့် တင်ပို့သွားမှာဖြစ်ပြီး တင့်ပို့မယ့် ဆန်အမျိုးအစားဟာဆန်ကွဲ(၁၀) ရာခိုင်နှုန်း ပါဝင်တဲ့ (၁၀)မှတ်တန် ဆန်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ယခုတင်ပို့မယ့်ဆန်အမျိုးအစားဟာ ပြည်တွင်းက စားသုံးတဲ့ ဆန်အမျိုးအစား မဟုတ်တာကြောင့် ပြည်တွင်းဆန်မလုံလောက်မှုနဲ့ စားသုံးမှုကို ထိခိုက်မှု မရှိနိုင်ဘူးလို့လည်း သိရပါတယ်။ 

ဒါ့အပြင် ယခုဘဏ္ဍာနှစ်အတွက်ဆန်တန်ချိန်သုံးသိန်းသာ တင်ပို့လက်မှတ်ရေးထိုးတာဖြစ်ပေမဲ့ လာမယ့် ငါးနှစ်တာကာလအတွင်း ဆန်တန်ချိန် (တစ်သန်း)အထိ တင်ပို့ဖို့ ပြင်ဆင်ချုပ်ဆိုသွား မယ်လို့လည်း သိရပါတယ်။ ဆန်တန်ချိန် တစ်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပို့ဖို့  ပြင်ဆင် လက်မှတ်ရေးထိုးမှာနဲ့ ပတ်သက်ပြီး ၁၄ ရက်အတွင်း ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ဆန်ကုန်သွယ်မှုကို ၂၀၀၅ ခုနှစ်နောက်ပိုင်း တင်ပို့ခဲ့ခြင်း မရှိတော့ပဲ ယခုနှစ်မှ ဆန်ပြန်လည် တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

Related News