ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက နယ်စပ်မှဝင်ရောက်တဲ့ ငါးတန်များကို ဈေးလျှော့ရောင်းချ နေမှုကြောင့် ငါးခြောက်ရာသီကို အားပြုရောင်းချနေရတဲ့ ပြည်တွင်းဈေးကွက်က မွေးမြူရေးငါးတန်တွေကို ၀ယ်ယူမှုလျော့နည်းနေပြီး  ပြည်တွင်းကငါးတန်မွေးမြူသူတွေ အခက်အခဲရှိနေတယ်လို့ မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်းက ဒီကနေ့ စက်တင်ဘာလ (၁၂)ရက်မှာပြုလုပ်တဲ့ ဒုတိယအပတ် ငါးလုပ်ငန်းအစည်းအဝေးမှာ ပြောကြားပါတယ်။ နယ်စပ်မှ တင်သွင်းလာတဲ့ ငါးတန်တွေဟာ ကြည့်မြင်တိုင်စံပြငါးဈေးနဲ့ ရွှေပိတောက် ငါးဈေးကွက်တွေမှာ ရောင်းချမှုတွေရှိနေသလို ငါးခြောက်ဒိုင်တွေကိုလည်း ကုန်ကြမ်းအဖြစ် တိုက်ရိုက်ရောင်းချမှုတွေရှိနေတယ်လို့ သိရပါတယ်။
 
နယ်စပ်ကနေ ၀င်ရောက်တဲ့ ငါးတန်တွေကို ငါးခြောက်ကုန်ကြမ်းအဖြစ် ဈေးလျှော့ရောင်းချနေတာကြောင့် ပြည်တွင်းကမွေးမြူတဲ့ ငါးတန်တွေကို ၀ယ်လိုအားကျဆင်းကာ ငါးမွေးတောင်သူတွေမှာ အခက်အခဲရှိတယ်လို့သိရပါတယ်။ နယ်စပ်မှ ၀င်ရောက်တဲ့ ငါးတန်တွေဟာ ပြည်တွင်းမှာမွေးမြူရောင်းချနေတဲ့ ငါးတန်တစ်ပိဿာ ဈေးနဲ့ ကျပ် ၃၀၀မှ ၅၀၀ အထိ ကွာဟမှုရှိနေပြီး နယ်စပ်မှဝင်ရောက်နေတဲ့ငါးတန်က ပိုဈေးသက်သာ တယ်လို့ သိရပါတယ်။ ငါးခြောက်ဒိုင်တွေကတော့ ဈေးသက်သာတဲ့ ကုန်ကြမ်းကိုယူပြီး ငါးခြောက်ပြုလုပ်ရောင်းချနေတာဖြစ်တယ်လို့ ပြောပါတယ်။ နယ်စပ်မှဝင်ရောက်နေတဲ့ ငါးများကို ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချူပ်၊ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့သိရပါတယ်။
 
 

Related News