မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း(၅၃)နိုင်ငံကို ဆန်တင်ပို့နေပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှာ  ပြည်ပကို ဆန်တန်ချိန် ၂သန်းခွဲနီးပါး တင်ပို့ရောင်းချနိုင်တော့မယ်လို့ ဆန်စပါးတင်ပို့ရောင်းချသူတွေက ခန့်မှန်းကြပါတယ်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ(၁)ရက်ကနေ စက်တင်ဘာလ အလယ်ပိုင်းလောက်အထိ ပြည်ပဆန်တင်ပို့ အခြေအနေဟာ တန်ချိန်(၂)သန်း တင်ပို့နိုင်ခဲ့ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူက ပြောပါတယ်။
 
ဆန်တင်ပို့သူတွေကတော့ အခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်(၂)သန်း တင်ပို့ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့ကြသလို လက်ရှိတင်ပို့နေတဲ့ အတိုင်းဆိုရင် ဆန်တင်ပို့မှုဟာနှစ်ပေါင်း ၆၀ အတွင်း စံချိန်တင် တင်ပို့နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီလိုတင်ပို့နိုင်တာဟာ ပြီးခဲ့တဲ့ စပါးစိုက်ရာသီအတွင်း ရာသီဥတုအခြေအနေ ကောင်းမွန်ခဲ့ တာကြောင့် ဆန်စပါးထွက်ရှိမှုလည်းကောင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီလိုစပါးထွက်ရှိမှုနှုန်းကောင်းမွန် တာကြောင့် ဆန်ဈေးနှုန်းလည်း နိုင်ငံတကာပေါက်ဈေးတွေကို ယှဉ်ပြိုင်လာနိုင်ပြီး လက်ရှိငွေလှဲလှယ်နှုန်း တွေကလည်း ဆန်တင်ပို့မှုကို အားကောင်းစေတယ်လို့ ဦးနေလင်းဇင်ကပြောပါတယ်။
 
လာမယ့်နှစ် တွေမှာလည်း ဆန်ပိုမို တင်ပို့နိုင်ဖို့ကိုတော့ တစ်ခြားအချက်အလက်တွေကိုလည်း စောင့်ကြည့်ဖို့ လိုတယ်လို့ပြောပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဆန်တန်ချိန်သုံးသန်းခန့်တင်ပို့ဖို့ ရည်မှန်းချက်ထားလုပ်ဆောင်နေတယ်လို့ သိရပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁.၈ သန်း၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁.၄ သန်း နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁.၇ သန်း တင်ပို့ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
 
 

Related News