ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကနေ အခုလက်ရှိ အောက်တိုဘာလလယ်အထိ ဆန်ချော ဈေးတွေနဲ ဆန်ကြမ်းဈေးတွေဟာ ဈေးနှုန်းအထက်အကျတွေ ရှိလာပြီး ဆန်အရောင်းအ၀ယ်မှာလည်း အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ စက်တင်ဘာလကုန်ပိုင်းက ပြည်ပနိုင်ငံတွေကို တင်ပို့နေတဲ့ ဧည့်မထ အုပ်စုဝင် ၂၅ မတ် ဆန်ကြမ်း အမျိုးအစားတွေဟာ တစ်အိတ်(၂၁၃၀၀) ကျပ်အထိဈေးပေါက်ခဲ့ပြီး လက်ရှိ အောက်တိုဘာ ၁၂ ရက်မှာတော့ တစ်အိတ် ၂၀၃၀၀  ၀န်းကျင်အထိဈေးအနည်းငယ် ကျဆင်းသွား ပါတယ်။

အခုလို ဆန်ကြမ်း အမျိုးအစားတွေ ဈေးကျလာတာကတော့ ဆန်အသစ်ထွက်ရှိနေတာနဲ့ ဆန်ပြည်ပတင်ပို့သူတွေလည်း ဆန်ဈေးအတက်မှာ တွက်ချေကိုက်မှုမရှိတဲ့ အတွက်အ၀ယ်ရပ်ဆိုင်း လိုက်လို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်တွင်းစားသုးံမှုများတဲ့ ဆန်ချောတွေကတော့ လက်ရှိမှာ ဆန်တစ်အိတ်ကို ကျပ်သုးံထောင်နီးပါး ဈေးတက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း(၀ါးတန်း) ကုန်စည်ဒိုင် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။    လက်ရှိမှာတော့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ်(၅၀၅၀၀) နှင့် ပေါ်ဆန်း အနိမ့်ဆတွေ ကတော့  (၃၅၀၀၀) ကျပ် ၀န်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီလို အချိန်မှာ ဆန်စက်ကိုပြန်လည် ပြင်ဆင် စစ်ဆေးနေတဲ့ အချိန်ဖြစ်နေပြီးလက်ကျန် စပါးဟောင်းတွေ နည်းလာတဲ့ အပြင် ပေါ်ဆန်းအုပ်စုဝင် စပါးတွေတွေ အသစ်ထွက်ရှိဖို့ဟာလည်း တစ်လလောက် ကြာမှာဖြစ်လို့ ဆန်ချော ဈေးတက်နေတာ ဖြစ်တယ်လို့ ဆန်အကျိုးဆောင် ဒေါ်လှမြင့်က ပြောပါတယ်။

ရန်ကုန်မြို့ကို ကုန်းလမ်း၊ ရေလမ်းကနေ ဆန်များ ၀င်ရောက်နေပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းက ၀င်ရောက်လာတဲ့ ဆန်တွေက ဆန်ချောအမျိုးအစား အများစုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ ၀င်ရောက်နေတဲ့ ဆန်အများစုကတော့ ဧည်မထအုပ်စုဝင် ဆန်အမျိုးအစားတွေ ဖြစ်ကြပါတယ်။

 

 

 

Related News