လက်ရှိ မြန်မာနိုင်ငံရဲ့ရွှေထည်ပစ္စည်းတွေကို ကျပ်၊ ပဲ၊ ရွေးစနစ်နဲ့တွက်ချက်ရောင်းချနေခြင်းမှ ဂရမ်စနစ်ကို ပြောင်းလဲတွက်ချက်ဖို့အတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းလုပ်ကိုင်သူများ၊ ရွှေဆိုင်ပိုင်ရှင်များက အောက်တိုဘာလ(၂၄)ရက်က UMFCCI မှာ ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။ 

 မြန်မာနိုင်ငံရဲ့ ရွှေထည်ပစ္စည်းတွေကို ကျပ်၊ ပဲ၊ရွေးစနစ်ကနေ ဂရမ်စနစ်ကိုတွက်ချက် ရောင်းချဖို့ကို စီစဉ်လာတာကြာပြီဖြစ်တယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံမှာတော့ ယခင်ကတည်းက ရွှေထည်ပစ္စည်းတွေကို ကျပ်၊ ပဲ၊ ရွေးစနစ်နဲ့ ကျင့်သုံးလာတာဖြစ်တဲ့အတွက် ရုတ်တရက် ဂရန်စနစ်နဲ့ တွက်ချက်ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ရန်ကုန်မြို့တွင်းမှာရှိတဲ့ ရွှေဆိုင်တွေ အနေနဲ့ကတော့ အဆင်ပြေမှုသိပ်မရှိဘူးလို့ သုံးသပ်ပြောကြားထားပါတယ်။ 

 လက်ရှိအချိန်ထိတော့ ဂရမ်စနစ်နဲ့ ပြောင်းလဲကျင့်သုံးရမယ်လို့ ထုတ်ပြန်ထားတာမျိုး မရှိသေးဘူး။ ရွှေထည်ပစ္စည်းတွေကိုရောင်းချဖို့အတွက် ကျပ်၊ ပဲ၊ ရွေးစနစ်ရော၊ ဂရမ်စနစ်ပါ (၂)မျိုးစလုံးသင့်တော်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက အခုလို သုံးသပ်ထားပါတယ်။

  မြန်မာ့ရွှေဈေးဟာ သြဂုတ်လပိုင်းလောက်ကနေစတင်ကာ ယခင်နှစ်တွေထက် စံချိန်တင်ပြီး (၁၆)ပဲရည်တစ်ကျပ်သားကို ငွေကျပ် ကိုးသိန်းငါးသောင်းထိ တက်လာခဲ့ပြီး အောက်တိုဘာလ လယ်ပိုင်းလောက်မှာ ရွှေဈေးပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ(၁)ရက် နေ့အတွက် ရွှေဈေးမှာတော့ (၁၆)ပဲရည်တစ်ကျပ်သားကို ငွေကျပ်(၉၂၉၀၀၀)ပေါက် ဈေးရှိနေတာ ဖြစ်ပါတယ်။ 

 

 

Related News