လက်ရှိဈေးကွက်မှာ လက်လီရောင်းချနေတဲ့ ကြက်သွန်နီဈေးနှုန်းတွေက အတက်အကျ မမှန်သေးပဲ ငွေကျပ်(၁၀၀)(၂၀၀)၀န်းကျင်လောက် ဈေးနှုန်းအတက်အကျတွေရှိနေပြီး  ဈေးနှုန်း အတက်အကျမမှန်သေးဘူးလို့ သိရပါတယ်။ယခုတစ်ပတ်အတွင်းလက်လီရောင်းချတဲ့ဈေးတွေမှာကြက်သွန်နီဈေးဟာတစ်ပိသာကို တစ်ရာ၊ နှစ်ရာဝန်းကျင်လောက်ဈေးတက်လာတယ်လိှု့ သိရပါတယ်။လက်ရှိမှာတော့ ကြက်သွန်နီအလုံးကြီး တစ်ပိသာကို (၂၉၀၀)၊(၃၀၀၀)၀န်းကျင်နဲ့ရောင်းချနေပြီး အလုံးအလတ်စားကိုတော့ (၂၈၀၀)ကျပ်၊ အလုံးသေးကိုတော့ (၂၆၀၀)၀န်းကျင်နဲ့ရောင်းချနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဈေးရှိ ကြက်သွန်ဆိုင်များမှသိရပါတယ်။ 
 
လက်ရှိကြက်သွန်နီဈေးမှာလည်း ဈေးအတက်နဲ့ ငြိမ်နေတာဖြစ်ပြီး သိသိသာသာ ပြန်မကျသေးဘူးလို့ပြောပါတယ်။ အခုလိုကြက်သွန်နီဈေးနှုန်းအတက်အကျမမှန်တာတွေကြောင့် အိမ်ရှင်မတွေအနေနဲ့ ကြက်သွန်နီဝယ်ယူရမှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ စားသုံးသူ အိမ်ရှင်မတွေကတော့ ကြက်သွန်နီဈေးတက်လာတာကြောင့် အရင်ကြက်သွန်နီတစ်ပိဿာ ၀ယ်တဲ့နေရာမှာ ယခု(၅၀)သား သာ ၀ယ်တော့တယ်လို့ ပြောပါတယ်။ ချက်ပြုတ်ရာမှာလည်း ကြက်သွန်နီကို လျှော့သုံးပြီး ဟင်းအနှစ်ရအောင် ခရမ်းချဉ်သီးကိုအစားထိုး အသုံးပြုနေတယ်လို့ ပြောပါတယ်။
 
ကြက်သွန်နီကိုလက်လီရောင်းချတဲ့ ဈေးသည်တွေအနေနဲ့ ရောင်းအားအခြေအနေလည်း အေးနေပြီး တစ်ချို့ကြက်သွန်လက်လီရောင်းချတဲ့ သူတွေအနေနဲ့ အရူံးပေါ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကြက်သွန်နီအသစ်တွေကလည်း ပြည်တွင်းက ဈေးကွက်ထဲကို ၀င်ရောက်မလာ သေးဘူးလို့လည်း သိရပါတယ်။ ကြက်သွန်နီဈေးအပြင် တခြားမီးဖိုချောင်သုံး ကုန်စိမ်းဈေးနှုန်း တွေကလည်း ဈေးနှုန်းတက်တာတွေရှိတယ်လို့လည်း သိရပါတယ်။
 
 

Related News