ပုဇွန်တောင်မြို့နယ်(၁၀)ရပ်ကွက်၊ အနော်ရထာလမ်းထိပ်(၅၂)လမ်းမှာ နေ့ရောညပါ ဖွင့်လှစ်ပေးထားတဲ့ ဈေးမှာ ရောင်းချမယ့် ညဘက်ဈေးဆိုင်ခန်း(၆၈)ဆိုင် ပြောင်းရွှေ့ပြီးဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ အခု နေ့ရောညပါ ရောင်းချမယ့်(၅၂)လမ်းဈေးမှာ ယခင်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အနော်ရထာ လမ်းထာင့်မှာ ကျူးကျော်ရောင်းချနေတဲ့ဈေးသည်တွေကို နေရာပြောင်းရွှေ့ရောင်းချခွင့်ပေးတာ ဖြစ်ပါတယ်။ (၅၂)လမ်းဈေးမှာ ညဈေးဆိုင်ခန်းတွေကို (၁၀၀)ကျော်ပြောင်းရွှေ့ဖို့ခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာတော့ (၆၈)ဆိုင်သာ ပြောင်းရွှေ့ပြီးသေးတယ်လို့ သိရပါတယ်။ဈေးဆိုင်တန်းတွေကို A, B,C,D (၄)တန်း ခွဲခြားသတ်မှတ်ထားတာကြောင့် ဈေးသည်တွေကို မဲနှိုက်ပြီး ဆိုင်ခန်းနေရာ သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
 
ဈေးသည်တွေအနေနဲ့ ဆိုင်နေရာအတည်တကျရရှိသွားပေမယ့်လည်း အချို့ဈေးသည်တွေကတော့ ဆိုင်ခန်းနေရာကျဉ်းတဲ့အတွက် အဆင်ပြေမှုမရှိသလို အချို့ဈေးသည်တွေကတော့ အဆင်ပြေတယ်လို့ ပြောပါတယ်။အသစ်ဖွင့်လှစ်လိုက်တဲ့ (၅၂)လမ်းနေ့ရောညပါ ရောင်းချမယ့်ဈေးမှာတော့ မနက်ပိုင်းကို(၇)နာရီမှ နေ့လယ်(၁၁)နာရီအထိ ညပိုင်းကိုနေ့လယ်(၁)နာရီမှ ည (၁၁)နာရီအထိ ရောင်းချခွင့်ပေးသွားမှာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းနဲ့သန့်ရှင်းရေးတွေကိုပါ ခန့်အပ်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ လွတ်နေတဲ့မြေနေရာတွေကိုအသုံးပြုပြီး ဆိုင်းခန်းကျဉ်းပြီး ဈေးရောင်းရအဆင်မပြေတဲ့ ဈေးသည်တွေ အတွက် ဆိုင်ခန်းချဲ့ပေးသွားမယ်လို့ သိရပါတယ်။
 
 
 

Related News