မတ်လ ၄ရက်က အိန္ဒိယနိုင်ငံမှ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန်သုံးသိန်းဝယ်ယူမယ်လို့ ထုတ်ပြန်တဲ့နောက် မန္တလေးပဲဈေးကွက်မှာ မတ်ပဲနဲ့ ပဲတီစိမ်းဈေး အနည်းငယ်တက်လာတယ်လို့ မန္တလေးကုန်စည်ဒိုင် အသင်းက သိရပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းတင်သွင်းခွင့်ကို ၂၀၁၇ သြဂုတ်လ ကစပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကို မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတင်သွင်းခွင့်Quota ရရှိဖို့ ဆွေးနွေးမှုတွေအပြင် တရားဝင် အကြောင်းကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ(၄)ရက်မှာ အိန္ဒိယနိုင်ငံဖက်က မတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန် သုံးသိန်းဝယ်ယူမယ်လို့ ထုတ်ပြန်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတာဝန်ရှိသူက ပြောပါတယ်။ ယခုအိန္ဒိယဘက်က ထုတ်ပြန်ချက်အရ မတ်ပဲကိုတန်ချိန် (၁)သိန်းခွဲနဲ့ ပဲတီစိမ်းတန်ချိန်(၁)သိန်းခွဲကိုနှစ်စဉ် ဘဏ္ဍာရေးနှစ် အတွင်းဝယ်ယူမယ့် သဘောဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို မတ်ပဲတန်ချိန်တစ်သိန်းခွဲနဲ့ပဲတီစိမ်းတန်ချိန်တစ်သိန်းခွဲ ၀ယ်ယူမဲ့ကြေငြာချက်ထွက်လာ ပြီးနောက် မန္တလေးပဲဈေးကွက်မှာ မတ်ပဲသုံးတင်းဝင်တစ်အိတ်ကို ကျပ် ၃၈၀၀၀ ကနေ ၄၆၀၀၀ ၀န်းကျင်အထိဈေးမြင့်တက်ခဲ့ပါတယ်။ ပဲတီစိမ်းမှာ (၃)တင်းဝင် (၁)အိတ်ကို ၁၁၂၀၀၀ ကျပ်(တစ်သိန်းတစ်သောင်းနှစ်ထောင်ကျပ်)ဈေးကနေ ၁၁၈၀၀၀ကျပ် (တစ်သိန်းတစ်သောင်း ရှစ်ထောင်ကျပ်) ဈေးတက်သွားပါတယ်။ မတ်ပဲတစ်အိတ်ကို (၈)ထောင်ကျပ် ၀န်းကျင် ဈေးတက် သွားတာဖြစ်ပြီး ပဲတီစိမ်းကကျပ် (၆၀၀၀) ၀န်းကျင်ဈေးတက် လာတာဖြစ်ပါတယ်။

ပဲတီစိမ်းကို ယူနန်ဖက်က (၁)နှစ်ပတ်လုံး ၀ယ်ယူနေကာ ယခုအိန္ဒိယနိုင်ငံကပါဝယ်ယူမှာ ဖြစ်တာကြောင့် ပဲတီစိမ်း ဈေးကထပ်မံတက်လာနိုင်တယ်လို့ မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော် အသင်းတာဝန်ရှိသူက ပြောပါတယ်။ အိန္ဒိယက မတ်ပဲနဲ့ ပဲတီစိမ်းကိုသာ ပြန်လည်တင်သင်းခွင့်ထုတ်ပြန်ခဲ့ပြီး ပဲစင်းငုံ တင်သွင်းခွင့် ကြေငြာချက်မထုတ်သေးတာကြောင့် လက်ရှိအနေအထားအရ ပြည်တွင်းက ပဲစင်းငုံ စိုက်ပျိုးရေးအတွက် ပြန်လည်သုံးသပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံတင်သွင်းခွင့်နဲ့ ပတ်သက်ပြီးအိန္ဒိယနိုင်ငံကို ထပ်မံတောင်းဆိုသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။

 

 

Related News