i Myanmar House.comမှ ဦးစီးကျင်းပပြီး(၁၅)နှစ်မှ (၂၅) အထိ အရစ်ကျပေးဆပ်နိုင်မည့် အိမ်ရာချေးငွေအစီအစဉ်တွေ လျှောက်ထားနိုင်တဲ့  အဌမအကြိမ်မြောက် မြန်မာနိုင်ငံရဲ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကို မေလ(၁၁)ရက်မှ (၁၃)ရက်အထိ တပ်မတော်ခန်းမမှာ (၃)ရက်ကြာ ပြသလျှက်ရှိတယ်လို့ သိရပါတယ်။အိမ်ခြံမြေပြပွဲမှာ တိုက်ခန်းတွေ၊ ကွန်ဒိုတွေဝယ်ယူသူတွေကို အရစ်ကျဝယ်ယူနိုင်ဖို့ အတွက်လည်း ချေးငွေလျှောက်ထားလို့ရအောင် KBZ ဘဏ်၊ ဧရာဝတီဘဏ်နဲ့ ရိုးမဘဏ်တို့မှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အခုအိမ်ရာပြပွဲမှာတော့ KBZ ဘဏ်နဲ့ ရိုးမဘဏ်တို့က  ဆောင်ရွက်ပေးမယ့် ချေးငွေအစီအစဉ်ဟာ  (၂၅)နှစ်အရစ်ကျစနစ် ဆောင်ရွက်ပေးမှာ ဖြစ်ပေမယ့်  ဧရာဝတီဘဏ်အနေနဲ့တော့ အရစ်ကျစနစ်ကို (၁၅)နှစ်သာ ဆောင်ရွက်ပေးမယ်လို့သိရပါတယ်။

ဒီပြပွဲမှာ  Star City နဲ့ Golden Cityကုမ္ပဏီတို့ပါဝင်ပြသမှာ ဖြစ်သလို အခြားအိမ်ခြံမြေ ဆောက်လုပ်ရေးကုမ္ပဏီ(၅၀)ကျော်ကလည်း ပါဝင်ပြသမှာပါ။ အိမ်ရာပြပွဲမှာတော့ ငွေကျပ်သိန်း (၂၀၀)ကျော်တန်အခန်းများ၊ ငွေကျပ်သိန်း(၅၀၀)ကျော်မှ ငွေကျပ်သိန်း(၅၀၀၀)တန်ဖိုးရှိတဲ့ ကွန်ဒိုတွေကိုပါ ရောင်းချပေးနေတာဖြစ်ပါတယ်။ အခုပြပွဲမှာ တိုက်ခန်းနဲ့ကွန်ဒို အခန်းပေါင်း (၅၀၀၀)ကျော်ကို ပြသရောင်းချသွားမှာဖြစ်ပြီး ပြပွဲအတွင်းဝယ်ယူသူတွေကိုလည်း အထူးလျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမည့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။iMyanmar House.comအနေနဲ့ အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ရန်ကုန်မြို့အပြင် မန္တလေး၊တောင်ကြီး၊စစ်တွေ၊ပုသိမ်မြို့တွေနဲ့ စင်္ကာပူနိုင်ငံမှာပါ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခုပြသနေတဲ့ အိမ်ခြံမြေပြပွဲမှာ  လာရောက်ကြည့်ရှုသူတွေကို အိမ်ခြံမြေပတ်သက်ပြီး   ဗဟုသုတရရှိစေရန်အတွက် ကျွမ်းကျင်ပညာရှင် (၁၅)ဦးက အိမ်ခြံမြေဆိုင်ရာ အကြောင်းအရာတွေကို နေစဉ်ဟောပြောသွားမယ်လို့ သိရပါတယ်။ 

 

 

Related News