နိုင်ငံတကာဘဏ်အတိုးနှုန်းတွေ တိုးဖို့ရှိနေတာကြောင့် ကမ္ဘာ့ရွှေဈေးကျလာနိုင်ပြီး ပြည်တွင်းရွှေဈေးပါ ဆက်လက်ကျဆင်းလာနိုင်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက သုံးသပ်ထားတာပါ။သင်္ကြန်ကာလပြီးကတည်းက ကမ္ဘာ့ရွှေဈေးအေးနေပြီး ပြည်တွင်းရွှေအရောင်းအ၀ယ် ဈေးကွက်အတွင်း ရွှေဈေးကျလာတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ လက်ရှိ ရွှေထုတ်လုပ်မှု နည်းပါးလာပြီး ကျောင်းဖွင့်ရာသီနီးလာတဲ့အတွက် ရွှေဝယ်ယူစုဆောင်းသူနည်းပြီး အရောင်းအ၀ယ် အေးနေတယ်လို့ ဆိုပါတယ်။
 
ပုံမှန်ဆို ယခင်နှစ်တွေနဲ့နှိုင်းယှဉ်ရင် သင်္ကြန်မတိုင်ခင်ကတည်းက ပြည်တွင်းရွှေဈေးဟာ ကိုးသိန်းခြောက်သောင်းနီးပါးဖြစ်ခဲ့ပြီး ယခုတော့ အရောင်းအ၀ယ် မကောင်းတာကြောင့် ပြည်တွင်းရွှေဈေးဟာ ကိုးသိန်းသုံးသောင်းကျော်ဝန်းကျင်ကို ကျဆင်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မနှစ်တုန်းက ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ် (၈)သိန်းကျော်ရှိနေပေမယ့် ယခု(၂၀၁၈)ခုနှစ်မှာတော့  ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်(၉)သိန်းအထက်မှာ ရှိနေတာပါ။  လက်ရှိမှာ ကမ္ဘာ့ရွှေဈေးတက်နေပေမယ့်လည်း ကျောင်းဖွင့်ရာသီနီးလာတာကြောင့် ရွှေအရောင်းအ၀ယ်အေးနေပြီး ပြည်သူတွေအနေနဲ့ ရွှေဝယ်ယူမှုသိပ်မရှိပဲ ပြန်လည်ရောင်းချသူတွေ များနေတယ်လို့ ဆိုပါတယ်။
 
အခုမိုးတွင်းကာလ၀င်လာပြီဖြစ်တဲ့အတွက် ရွှေတူးဖော်ရတာအခက်အခဲရှိတာကြောင့် ရွှေထွက်ရှိမှုနည်းလာပြီး ရွှေဈေးအနည်းငယ်ပြန်တက်လာနိုင်သေးတယ်လို့ ရွှေရောင်းချသူတစ်ဦးက အခုလိုပြောပါတယ်။ မေလ(၁၆)ရက်ပြည်တွင်းရွှေဈေးအပိတ်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ကိုးသိန်းသုံးသောင်းခြောက်ထောင့်ငါးရာ ၀န်းကျင်ရှိပြီး (၁၅)ပဲရည်တစ်ကျပ်သားကို ရှစ်သိန်း ရှစ်သောင်း ပေါက်ဈေးရှိပါတယ်။
 
 

Related News