ကြံ၊ သကြား ဥပဒေ မူကြမ်း အတည်ပြုနိုင်ရေးဆွေးနွေးမှုကို မေလ(၂၁)ရက်နဲ့ (၂၂) ရက် က မန္တလေးမြို့ မြို့တော်ခန်းမမှာ မြန်မာနိုင်ငံ သကြားနှင့် ကြံ ထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် ညီလာခံမှာ  ပြုလုပ်နေပါတယ်။ကြံနဲ့ သကြား ဥပဒေမူကြမ်း ကို ပြီးခဲ့တဲ့ (၂)နှစ်ဝန်းကျင်ကတည်းကရေးဆွဲနေပြီး ဒီဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် ညီလာခံမှာ ဆွေးနွေးနေပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့ ရလဒ်များကို ပေါင်းစပ်ပြီး ပြည်ထောင်စုဝန်ကြီးမှတဆင့် လွှတ်တော်အထိ အတည်ပြုချက် ရယူပြီး ကြံသကြားဥပဒေ ပေါ်ပေါက်လာဖို့ အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ကြံနဲ့ သကြား ဥပဒေ ပေါ်ထွက်လာပါကကြံစိုက်တောင်သူ၊ စက်ရုံ၊ လုပ်ငန်းရှင် အားလုံး အကျိုးအမြတ်များ ရနိုင်မယ်လို့ စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြောပါတယ်။

ကြံ၊ သကြား ဥပဒေမှာ ကြံ၊သကြားနဲ့ ပတ်သက်သူတွေကြား အကျိုးမျှတမှုရှိစေဖို့ သကြား ကောင်စီ ပါဝင်လာမှာ ဖြစ်တယ်လို့ဆိုပါ တယ်။ဒီ သကြားကောင်စီမှာ ကြံ၊သကြားနဲ့ ပတ်သက်တဲ့ တောင်သူ၊ စက်ရုံလုပ်ငန်း၊ လုပ်ငန်းရှင်၊သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပညာရှင် ကိုယ်စားလှယ်ပါဝင်မှာ ဖြစ်ပါတယ်။ပြည်တွင်းက ကြံစိုက်တောင်သူတွေနဲ့ စက်ရုံတွေမှာ အခက်အခဲအမျိုးမျိုးရှိနေပြီး တောင်သူနဲ့ စက်ရုံကြားနစ်နာမှုတွေ မရှိစေဖို့  ကြံ ၊သကြား ဥပဒေ ကိုရေးဆွဲတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ်္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးလင်း က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ယခင်နှစ်က သကြားတန်ချိန် ၄ သိန်းကျော်ထွက်ရှိပြီး ယခုနှစ်မှာ တန်ချိန် ၆ သိန်း နီးပါးထွက်ရှိတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ကသိရပါတယ်။အခုပြုလုပ်တဲ့ဆွေးနွေးပွဲကိုကြံစိုက်တောင်သူများ၊ သကြားစက်ရုံများ၊ သကြား ရောင်းဝယ်သူများ၊ သကြားကုန် ကြမ်းသုံး စားသောက်ကုန်လုပ်ငန်းရှင်များနဲ့ ဌာနဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ဆွေးနွေးကြတယ်လို့သိရပါတယ်။ဒါ့အပြင် နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံ ကြံ၊သကြားဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကြံအများဆုံး စိုက်ပျိုးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆွေးနွေးသွားမှုတွေပြုလုပ်မယ်လို့ သိရပါတယ်။ 

 

 

Related News