တရုတ်၊မြန်မာနယ်စပ်ဂိတ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေတဆင့် ပြည်တွင်းကိုတရုတ်နိုင်ငံထုတ်လူစီးနဲ့လုပ်ငန်းသုံးယာဉ်တွေ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲက ထုတ်ပြန်ပါတယ်။ဒီလိုတင်သွင်းတဲ့အခါ မူရင်းထုတ်လုပ်သည့်နိုင်ငံအထောက်အထားတင်ပြရမှာဖြစ်ပြီး တရုတ်နိုင်ငံထုတ်မော်တော်ယာဉ် အသစ်တွေသာတင်သွင်းခွင့်ပြုတာဖြစ်ပါတယ်။ဒါ့အပြင် တရုတ် နိုင်ငံအကောက်ခွန်ဌာနရဲ့ မော်တော်ယာဉ်တင်ပို့ခွင့် အထောက်အထားပါ ပူးတွဲတင်ပြရမယ်လို့ဖော်ပြထားပါတယ်။

ဒီလိုကန့်သတ်ချက်ကြောင့် အခြားနိုင်ငံ ထုတ်ကားတွေကို တရုတ်ဘက်ကနေ (၁၀၅)မိုင်ဇုန်ကနေတဆင့် တင်သွင်းခွင့်ရမှာ မဟုတ်ဘူးလို့သိရပါတယ်။မူဆယ်ကနေကားတင်သွင်းခွင့်ကို အရင်ကလည်းခွင့်ပြုထားပြီး ဖော်ပြပါအချက် နှစ်ချက်သာ အဓိကထပ်တိုး ပြောင်းလဲတာဖြစ်တယ်လို့ စီးပွားကူးသန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မူဆယ်ကုန်စည်ဒိုင်ကတာဝန်ရှိသူတစ်ဦးကတော့ဒီလိုထုတ်ပြန်ချက်ကြောင့်ကားဈေးနှုန်း ကျနိုင်ပြီး သယ်ယူစရိတ်လည်း လျော့ကျ နိုင်တယ်လို့ သုံးသပ်ပါတယ်။ အရင်ကလည်း မူဆယ်ကနေ MOUနဲ့ကားတင်သွင်းတာတွေ ၊လုပ်ငန်းသုံးယာဉ် တင်သွင်းတာတွေရှိနေတယ်လို့ပြောပါတယ်။ ကားတင်သွင်းခွင့်သတ်မှတ်ချက်တွေနဲ့အညီ တင်သွင်းရမှာဖြစ်ပြီး တင်သွင်းခွင့်စတင်လျှောက်ထား နိုင်မယ့်အချိန်နဲ့ တိကျတဲ့အချက်အလက်တွေကိုတော့လာမယ့် အပတ်မှာ ထွက်ရှိဖို့မျှော်မှန်းထားကြပါတယ်။တရုတ်ကားတွေဟာ ဈေးနှုန်းသက်သာမှုရှိပေမယ့်လူစီးယာဉ်နဲ့ပတ်သက်ရင် ဂျပန်ကားအကြိုက်များတဲ့ ပြည်တွင်း ဈေးကွက်မှာ အခုအခြေအနေကြောင့်အပြောင်းအလဲသိပ်မရှိနိုင်ဘူးလို့ရန်ကုန်က ကားဝယ်ရောင်းတွေကခန့်မှန်းကြပါတယ်။ပြီးခဲ့တဲ့(၇)နှစ်အတွင်းတစ်နိုင်ငံလုံးကို တင်သွင်းခဲ့တဲ့မော်တော်ယာဉ်စီးရေ (၉)သိန်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

 

 

 

 

Related News