ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင်ယာဉ်ရောင်းဝယ်ခွင့်အပါအ၀င် နောက်ထပ်ယာဉ်ရောင်းဝယ်ရေး စခန်းသစ်ဖွင့်ပေးဖို့ရှိ၊မရှိကို ဇွန်လ(၁၂)ရက်က ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများနဲ့သက်ဆိုင်တဲ့ မော်တော်ယာဉ်ရောင်းဝယ်ရေးနေရာတွေ ဖွင့်လှစ်ဆောင်ရွက်ပေးဖို့ကို မင်္ဂလာတောင်ညွန့်မြို့နယ်အမတ် ဦးလှဌေးက မေးမြန်းခဲ့ပါတယ်။ လှိုင်မြို့နယ်အမတ် ဦးကျော်ကျော်ထွန်းကလည်း တိုင်းဒေသကြီးအတွင်း သင့်တော်တဲ့နေရာမှာ ကောင်းမွန်ပြည့်စုံတဲ့ ယာဉ်ရောင်းဝယ်ရေးစခန်းကြီးတစ်ခု ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးဖို့ ကိုမေးမြန်းခဲ့ကြတာပါ။

ဒါ့ပြင် တစ်နိုင်တစ်ပိုင်ယာဉ်ရောင်းဝယ်ခွင့်တွေ ခွင့်ပြုဖို့နဲ့ လက်ရှိယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ ယာဉ်တွေကို ညအိပ်ရပ်နားခွင့်ပြုပေးဖို့တွေကို မေးမြန်းခဲ့ကြတာပါ။  လမ်းတွေမှာ ယာဉ်တွေရပ်နားရောင်းချတာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေလို့ ခုလိုမေးမြန်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ယာဉ်ရောင်းဝယ်ရေးစခန်းတစ်ခုပြုလုပ်ဖို့ မြေနေရာအလုံအလောက်မရှိသေးသလို အသစ်ဖွင့်လှစ်ပေးဖို့လည်း အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

လက်ရှိယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ ယာဉ်တွေကို ညအိပ်ရပ်နားခွင့်ပြုပေးဖို့ကိုတော့ တိုင်းအစိုးရထံ တင်ပြပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ လုပ်ငန်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်တွေကို ရောင်းချတာ၊ ထုတ်လုပ်တာ၊ တည်ဆောက်တပ်ဆင်တာတွေကိုခွင့်ပြုမထားဘူးလို့လည်း သိရပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက်နဲ့အရောင်းပြခန်းတွေဖွင့်လှစ်ရောင်းချသင့်တယ်လို့ မြို့တော်ဝန်ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရောင်းပြခန်း(၁၅၁)ခုရှိပြီး ယာဉ်သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်တွေခွင့်ပြုပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

 

 

 

Related News