ဘုရားစေတီပုထိုးတွေမှာ ကပ်လှုနေတဲ့ ရွှေဆိုင်းတွေမှာ စက်ရွှေဆိုင်းနဲ့ ရိုးရာလက်မှုရွှေဆိုင်း ၂မျိုး ရှိပြီး လက်ရှိ စက်ရွှေဆိုင်းတွေကြောင့် ရိုးရာလက်မှုရွှေဆိုင်းလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲသွားမှာကို ရိုးရာလက်မှုရွှေဆိုင်း လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။ မန္တလေးမြို့ မျက်ပါးရပ်မှာ ရိုးရာလက်မှု ရွှေဆိုင်းလုပ်ငန်းတွေကို  ရှေးယခင်ကတည်းက မိရိုးဖလာရိုးရာလုပ်ငန်းတွေ အနေနဲ့ လုပ်ကိုင်လာကြတာဖြစ်ပါတယ်။   မျက်ပါးရပ်ကထွက်ရှိတဲ့ လက်မှုရွှေဆိုင်းတွေကို တန်းခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံ၊ ဆူးလေ၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ် ၊အင်းလေး ဖောင်တော်ဦး၊ ကျိုက်ထီးရိုး စတဲ့ဘုရားစေတီတွေကို အားထားရောင်းချနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်တွင်းမှာ စက်နဲ့ ပြုလုပ်တဲ့ရွှေဆိုင်းလုပ်ငန်းတွေလည်းရှိလာပြီး ဒီရွှေဆိုင်းတွေ နဲ့ ရိုးရာလက်မှု ရွှေဆိုင်းတွေ ဈေးကွက်မှာ အပြိုင်ဖြစ်နေတယ်လို့ ရိုးရာရွှေဆိုင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။  ရိုးရာလက်မှုရွှေဆိုင်းလုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတို့မှာလည်းလုပ်ကိုင်ခဲ့တယ်လို့ သိရပြီး  ဒီနိုင်ငံတွေမှာစက်ရွှေဆိုင်းတွေ ဝင်ရောက်လုပ်ကိုင်လာတဲ့အခါ ဈေးကွက်ခြေအနေတွေကြောင့် ရေရည်မရပ်တည်နိုင်တော့ဘဲ ရိုးရာလက်မှုလက်ရွှေဆိုင်းလုပ်ငန်းတွေ ပျောက်ကွယ်သွားတယ်လို့သိရပါတယ်။ စက်ရွှေဆိုင်းမှာ အလုပ်သမားကုန်ကျစရိတ်သက်သာပြီး ရိုးရာလက်ရွှေဆိုင်းကတော့ အလုပ်သမားအဆင့်ဆင့်နဲ့ပြုလုပ်ရတာဖြစ်ကြောင့် ဈေးနှုန်းကွားခြားမှုပါရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ  စက်ရွှေဆိုင်းအရွက်တစ်ရာပါ ရွှေဆိုင်းဈေးမှာ ၄သောင်း၈ထောင်ဖြစ်ပြီး ရိုးရာလက်မှုရွှေဆိုင်းတွေကတော့ ၅သောင်းဖြစ်တာကြောင့် ရိုးရာလက်မှုရွှေဆိုင်းက ဈေးအနည်းငယ်မြင့်တယ်လို့ ဂဠုံမင်းရွှေဆိုင်းလုပ်ငန်းပိုင်ရှင် ဦးအုန်းမောင်က ပြောပါတယ်။ ရိုးရာလက်မှုရွှေဆိုင်းလုပ်ငန်းတွေကို မိရိုးဖလာလုပ်ကိုင်လာကြတဲ့ လုပ်သားတွေ နဲ့ ဒီလုပ်ငန်း နဲ့ဆက်စပ်တဲ့ ဝါးစက္ကူရိုးရာလုပ်ငန်းတွေကပါမှီခိုလုပ်ကိုင်နေကြပါတယ်။

ဒီရိုးရာလက်မှုရွှေဆိုင်းလုပ်ငန်းက ထုတ်လုပ်တဲ့ ရွှေဆိုင်းတွေဟာ ရှေးယခင်လက်ထက်ကတည်းကရှိခဲ့တဲ့ ရွှေအချိုးအစားအတိုင်း ထုလုပ်ထားတာဖြစ်ပြီး အသန့်စင်ဆုံးရွှေကိုသာ ပြုလုပ်ထားတာဖြစ်ကြောင်းနဲ့ ထုတ်လုပ်မှုဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးပြည်တွင်းအသုံးပြုရာမှာ လုံလောက်မှု ရှိတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့မျက်ပါးရပ်က ရွှေဆိုင်းတွေဟာ ကမ္ဘာမှာ အပါးလွှာဆုံး ရွှေပါးလွှာအဖြစ် နာမည်ကျော် သလို ဒီရိုးရာလက်မှုလုပ်ငန်းတွေကို တန်ဖိုးထားပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်တွေက နေ့စဉ် လာရောက်လေ့လာ ကြည့်ရှုနေကြပါတယ်။ ယခင်က မျက်ပါးရပ်မှာ ရိုးရာလက်မှု ရွှေဆိုင်းလုပ်ငန်းတွေအများအပြားရှိခဲ့ပေမယ့် လက်ရှိမှာ လုပ်ငန်းရှင် ၂၀၀ ဝန်းကျင်လောက်ပဲ ဒီလုပ်ငန်းကို လုပ်ကိုင်နိုင်တော့တယ်လို့ သိရပါတယ်။

 

 

 

Related News