မွေးမြူရေးအစာဖြစ်တဲ့ ပြောင်းနဲ့ ဖွဲနုဈေးတက်လာတာကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်တွေ အခက်ကြုံနေရတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ မွေးမြူရေးအစာဖြစ်တဲ့ ပြောင်းတစ်ပိဿာကို ခြောက်ရာကျပ်၊ ဖွဲနု တစ်ပိဿာကို ငါးရာကျပ်အထိ ဈေးတက်နေပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း စံချိန်တင်ဈေးအဖြစ် မြင့်တက်နေတာဖြစ်ပါတယ်။  ဈေးချိုပြီး မွေးမြူရေးလုပ်ငန်းရှင်တွေ အားထားကျွေးမွေးနေရတဲ့ ပြောင်းနဲ့ ဖွဲနုတွေ ဈေးတက်တာကြောင့် အစာဈေးက ကုန်ထုတ်လုပ်မှုစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းအထိ ကုန်ကျလာပါတယ်။ ဒါကြောင့် ငါးမွေးမြူရေးသမားတွေ ကန်ဖော်ပြီး ဈေးကွက်ထဲ အပြိုင်အဆိုင်ရောင်းချလာကြပြီး ငါးဈေးကျတဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

လက်ရှိဈေးကွက်မှာ ငါးမြစ်ချင်းက တစ်ပိဿာနှစ်ထောင့်ငါးရာဈေးပဲရှိပေမယ့် အစာဈေးတက်နေတာကြောင့် ငါးတစ်ပိဿာထွက်အောင် အစာဖိုး နှစ်ထောင်ကျော်နီပါး သုံးစွဲနေရပါတယ်။ ဒါကြောင့် ဒီလိုအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ အတွက် မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းပြည်ပကိုတင်ပို့ရောင်းချနိုင်တဲ့ ငါးအမျိုးအစားတွေ ပြောင်းလဲမွေးမြူဖို့ လိုအပ်လာပြီလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးကပြောပါတယ်။ အရင်က သြဂုတ်လနဲ့ စက်တင်ဘာလတွေဆိုရင် အင်းအိုင်ငါးနဲ့ ပင်လယ်ငါးတွေ ဖမ်းဆီးခွင့်ပိတ်ထားတာကြောင့် မွေးမြူရေးငါးဈေးကောင်းခဲ့ပေမယ့် ယခုနှစ်မှာတော့ အစာဈေးတက်လာတာကြောင့် ဈေးကောင်းမရတဲ့အပြင် အရှုံးပေါ်နေတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ 

 

 

 

Related News