မြန်မာ့ကော်ဖီကဏ္ဍ တိုးတက်လာစေဖို့ အရည်အသွေးကောင်းတဲ့ ကော်ဖီကို ပိုပြီးထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူအချို့ထံမှ သိရပါတယ်။ မြန်မာ့ကော်ဖီအရည်အသွေးဟာ ကမ္ဘာ့အထူးတန်းဝင်ကော်ဖီအဆင့်မှာ ပါဝင်ပြီး ဈေးကွက်တစ်နေရာရရှိကာ ကမ္ဘာ့နိုင်ငံအသီးသီးကို တင်ပို့နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တင်ပို့မှုအနေနဲ့ အမေရိကန်၊ ဥရောပ၊ ကနေဒါ၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေကို အဓိကတင်ပို့ပြီး တစ်နှစ် တန်(၂၀၀)ဝန်းကျင် တင်ပို့နေတယ်လို့ သိရပါတယ်။

ပြည်ပကို တင်ပို့တဲ့အခါ ဈေးကွက်လိုအပ်ချက်အရ အရည်အသွေကောင်းတဲ့ ကော်ဖီကို ထုတ်လုပ်ပြီး တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြန်မာ့ကော်ဖီယဉ်ကျေးမှုဟာ ပိုမိုပျံ့နှံ့လာပြီး ကော်ဖီအမျိုးအစားကို ရွေးချယ်သောက်သုံးလာတာကြောင့် အရည်အသွေးကောင်းတဲ့ ကော်ဖီတွေ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ နန်းမြိုင်ကော်ဖီစက်ရုံမှ တာဝန်ခံ ဦးဆဲလ်ဇေယျာက ပြောပါတယ်။ ကော်ဖီကို အရည်အသွေးကောင်းအောင် စိုက်ပျိုးမှသာ ရေရှည်မှာ ကမ္ဘာ့ကော်ဖီဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာမှာ သွင်းအားစုနည်းပါးခြင်း၊ သယ်ယူပို့ဆောင်စရိတ်များခြင်းနဲ့ အခြားအခက်အခဲများကြောင့် စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့နေရာ နည်းပါးနေတယ်လို့ ဆိုပါတယ်။

ဒီလို အခက်အခဲတွေကြောင့် မြန်မာ့ကော်ဖီဟာ ဒေသတွင်းနိုင်ငံများထက် ဈေးများနေပြီး နိုင်ငံတကာနဲ့ ဈေးကွက် ယှဉ်ပြိုင်ရာမှာ အခက်အခဲဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဈေးနှုန်းတည်ငြိမ်ပြီး အရည်အသွေးကောင်းဖို့အတွက် ကော်ဖီစိုက်တောင်သူတွေကို စက်ကိရိယာ၊ သွင်းအားစု အခက်အခဲ၊ ရေ/မီး အခက်အခဲ၊ သယ်ယူစရိတ်၊ နည်းပညာစတဲ့ လိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်ကပြောပါတယ်။ မြန်မာနိုင်ငံမှာကော်ဖီကို ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ၊ ဟိုပုံး၊ ပင်လောင်း၊ ကယား၊ ချင်း စတဲ့ ဒေသတွေမှာ စိုက်ပျိုးပြီး တစ်နှစ် တန်ချိန်(၈၀၀၀)ဝန်းကျင် ထွက်ရှိတယ်လို့ သိရပါတယ်။

 

 

 

Related News