ရန်ကုန်တိုင်းဒေသကြီးအတွင်းကစက်မှုဇုံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် (၂)လတာအတွင်း စက်ရုံ(၁၄)ရုံပိတ်သိမ်းရတယ်ဆိုတာနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းရုံးမှာမနေ့ကဇူလိုင်(၂၈)ရက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ (၂)လတာအတွင်း စက်ရုံ(၁၄)ရုံပိတ်သိမ်းရတယ်ဆိုတာ မဟုတ်ဘဲ အခု၂၀၁၈ခုနှစ်အတွင်း တစ်ရုံသာပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းရဲ့ဖေ့ဘွတ်မှာ တင်ထားတဲ့ ၂၀၁၈ မေလ(၇)ရက်ကနေ  ဇူလိုင်(၁၀)ရက်ထိ (၂)လတာ အတောအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်ရုံပိတ်သိမ်းစာရင်း နဲ့ပတ်သက်လို့ ရှင်းလင်းခဲ့တာပါ။ ဒီစာရင်းအရ စက်ရုံ(၁၄)ရုံအနက် ယခုနှစ်အတွင်း ပိတ်သိမ်းခဲ့တာ စက်ရုံတစ်ရုံသာ ရှိခဲ့တယ်လို့ရှင်းလင်းပွဲမှသိရပါတယ်။ ပိတ်သိမ်းခဲ့တဲ့စက်ရုံ(၁)ရုံမှာ ဇုန်(၆)၊ လှိုင်မြစ်ဘေးလမ်းကလုပ်သား(၉၀)ရှိတဲ့မိကျောင်း ပီနံအိတ်စက်ရုံဖြစ်ပြီး လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲရှိတာကြောင့် မေလ(၅)ရက်က ပိတ်သိမ်းခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ခုရှင်းလင်းချက်တွေဟာ ခိုင်မာတဲ့ တရားဝင်ထုတ်ပြန်ချက်၊ လက်ရှိအခြေအနေတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီစက်ရုံအပါအ၀င် ၂၀၁၆ ကနေ လက်ရှိချိန်ထိ စက်ရုံ (၃)ရုံပိတ်သိမ်းခဲ့ပြီး  လုပ်ငန်းမကောင်းတာ၊ လုပ်ငန်းလည်ပတ်ဖို့ခက်ခဲတာ၊ အရည်အသွေးမှီအောင် ပြုလုပ်မပေးနိုင်တာ၊ စက်ရုံငှားရမ်းခ ကြီးမားတာတွေကြောင့် ပိတ်သိမ်းခဲ့ရတာဖြစ်ပြီး တစ်ချို့စက်ရုံတွေက အလုပ်သမားတွေအတွက် ရသင့်ရထိုက်တဲ့ ဥပဒေပါနစ်နာကြေးတွေကို ပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။

စာရင်းအရစက်ရုံ(၁၄)ရုံအနက် (၃)ရုံက အပြီးပိတ်သိမ်းခဲ့တာဖြစ်ပြီး မပိတ်သိမ်းရသေးဘဲ ရပ်နားထားတာ စက်ရုံ(၁)ရုံ၊မူလနေရာကနေတိုင်းဒေသကြီးအတွင်းကအခြားဇုန်၊နေရာတွေကိုရွှေ့ပြောင်းဖွင့်လှစ်လုပ်ကိုင်မယ့်စက်ရုံတွေနဲ့ လုပ်ကိုင်နေတဲ့ စက်ရုံတွေက(၇)ရုံ၊ လက်ရှိနေရာမှာပဲလုပ်ကိုင်နေတဲ့ စက်ရုံက(၃)ရုံ ရှိတယ်လို့လည်းပြောပါတယ်။၂၀၁၆ ကနေ လက်ရှိချိန်ထိ ပိတ်သိမ်းထားတဲ့ စက်ရုံ(၃)ရုံကတော့ မီကျောင်း ပီနံအိတ်စက်ရုံ၊ မြို့မဆင်ဖြူတော်ပဲသန့်စင်စက်ရုံ၊ ချန်ဇုံ အထည်ချုပ်စက်ရုံ၊တို့ဖြစ်ပါတယ်။ ရပ်နားထားတဲ့စက်ရုံကတော့ ရေခဲတောင်အအေးခန်းစက်ရုံဖြစ်ပြီး မူလနေရာကနေ တိုင်းဒေသကြီးအတွင်းက အခြားဇုန်၊နေရာတွေကို ရွှေ့ပြောင်းဖွင့်လှစ် လုပ်ကိုင်မယ့်စက်ရုံ တွေနဲ့ လုပ်ကိုင်နေတဲ့ စက်ရုံတွေကတော့ ပုလဲအထည်ချုပ်စက်ရုံ၊ ၀ါးဟားဟားရေခဲမုန့်စက်ရုံ၊ မြတ်ပန်းမွှေးသနပ်ခါးစက်ရုံ၊ ဆာဆပ်တိုင်းဖိနပ်စက်ရုံ၊ ဗျူးတီး ပဲလေ့စ်  A21ဆပ်ပြာ စက်ရုံ၊TMP ငါးဖမ်းပိုက်စက်ရုံ၊ နော့ရှူး အထည်ချုပ်စက်ရုံတို့ဖြစ်ပါတယ်။ လက်ရှိအထိလုပ်ကိုင်နေသေးတဲ့ စက်ရုံတွေကတော့ ပေါ်ပြူလာအထည်ချုပ်စက်ရုံ၊ ကူဝါဟာရာအထည်စစ်စက်ရုံ၊ ယူနိုက်တက်ခနစ်တင် မြန်မာ ခြေအိတ်စက်ရုံတို့ဖြစ်ပါတယ်။

 

 

 

Related News