ဝါသနာအရတက္ကစီယာဉ်မောင်းဘ၀ကို ရွေးချယ်ခဲ့ပေမယ့် လုပ်ငန်းခွင်မှာတော့ ခက်ခဲမှုတွေကြုံတွေ့ရတယ်လို့ အမျိုးသမီးအငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး အမျိုးသားတွေသာလုပ်ကိုင်ရတဲ့ အလုပ်အကိုင်တော်တော်များများမှာ အမျိုးသမီးတွေဝင်ရောက်လုပ်ကိုင် လာကြပါတယ်။ ဒီအထဲမှာ အမျိုးသမီးအငှားယာဉ်မောင်းဖြစ်တဲ့ မလွင်လည်း အပါအ၀င်ဖြစ်ပြီး ဒီလုပ်ငန်းကို လုပ်ကိုင်နေတာတော့ (၁၀)နှစ်ရှိ နေပါပြီ။ အလုပ်သဘောအရ ယာဉ်မောင်းအမျိုးသမီးများက လုပ်ငန်းခွင်အတွင်း အခက်အခဲတွေကြုံတွေ့ ခဲ့ရပေမယ့် မလွင် ကိုယ်တိုင်က ၀ါသနာပါတဲ့အတွက် ဒီအလုပ်နဲ့အသက်မွေးဖြစ်နေတယ်လို့သိရပါတယ်။
အမျိုးသမီး အငှားယာဉ်မောင်း ဖြစ်နေတာကြောင့် အမျိုးသားယာဉ်မောင်းတွေလို နေ့စဉ် ဝင်ငွေအတွက် ကြိုးစားရုန်းကန် နေရပါတယ်။ ဒါပေမယ့် အမျိုးသမီးယာဉ်မောင်းဖြစ်လို့ အမျိုးသမီးခရီးသည်တွေအပြင် အမျိုးသားခရီးသည်တွေကပါ ယုံကြည်စွာစီးနင်းကြတယ်လို့သိရပါတယ်။ အငှားယာဉ်တွေမှာ အမျိုးသမီးယာဉ်မောင်းတွေ အခုလိုအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လာကြ တာဟာ ခရီးသည်တွေအတွက်အများကြီးလုံခြုံစိတ်ချရတယ်လို့ ခရီးသည်တစ်ဦးကလည်း အခုလိုပြောပါတယ်။ဒါပေမယ့် ဒီအလုပ်ဟာ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်တဲ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူစွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်း ပြသရာရောက်လို့ အငှားယာဉ်မောင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေဦးမယ်လို့မလွင် ကပြောပါတယ်။
