ဒေါ်လာဈေးမြင့်တက်နေမှုကြောင့် ပြည်တွင်းကားဈေးကွက်မှာ ဈေးကွက်အတွင်းက ဂျပန်တစ်ပတ်ရစ် ကားဈေးမတက်ပေမယ့် ကားသစ်တွေအနေနဲ့ အနည်းဆုံး ကျပ်(၁၀)သိန်းခန့်ဈေးတက်နေတယ်လို့  ကားဈေးကွက်မှသိရပါတယ်။
ဒီနှစ်အတွင်း မြန်မာ့ကားဈေးကွက်မှာ (Brand New) ကားသစ် ရောင်းချနေတာတွေနဲ့ ၀ယ်ယူသုံးစွဲနေတာတွေ အားကောင်းလာသလို ဂျပန်တစ်ပတ်ရစ်ကားတွေဟာလည်း အများဆုံးနဲ့အဓိကထားသုံးစွဲနေပြီး ဈေးကွက် လည်း အခိုင်အမာရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေါ်လာဈေးမြင့်တက်နေတာကြောင့် ပြည်တွင်း ဈေးကွက်မှာရှိပြီးသား ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်ဟာ ဈေးကွက်ရိုက်ခတ်မှုမရှိသလို ဈေးလည်း မတက်ပေမယ့်  Brand New ကားသစ်တွေအပါအ၀င် အမေရိကန်ဒေါ်လာနဲ့ ၀ယ်ယူရတဲ့ကားတွေ၊ ပြည်ပက တင်သွင်းလာဆဲကားတွေအနေနဲ့ကတော့ ဈေးနှုန်းပိုင်းမှာ အနည်းဆုံး ကျပ်(၁၀)သိန်းခန့် မြင့်တက်နေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ 

ဂျပန်တစ်ပတ်ရစ်ကားတွေကတော့ (၂၀၁၈)ခုနှစ် ကားတင်းသွင်းခွင့်မူဝါဒကြောင့်  ဒီနှစ်အတွင်း ပြည်တွင်းကို ကားတင်သွင်းမှုမရှိသလောက်နည်းပါးတယ်လို့ ၀ယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ကားတင်သွင်းခွင့်မူဝါဒအရ ဘယ်မောင်း၊ မော်ဒယ်မြင့်ကားတွေသာ တင်သွင်းရမှာဖြစ်လို့ ဈေးမြင့်တာကြောင့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ယခင်နှစ်တွေကတင်သွင်းပြီးသား ဈေးကွက်အတွင်းမရောက်ရှိသေးတဲ့ ဂျပန်တစ်ပတ်ရစ်ကားတွေနဲ့ ကားဟောင်းတွေကိုသာ အများဆုံး ၀ယ်ရောင်းလုပ်ကိုင်နေတာကြောင့် ဈေးနှုန်းအပါအ၀င် ဈေးကွက်ရိုက်ခတ်မှု မရှိတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။လက်ရှိကားဈေးကွက်မှာ အရောင်းအ၀ယ်ကတော့ ပုံမှန်ဖြစ်နေတယ်လို့ ၀ယ်ရောင်းလုပ်ကိုင်သူအများစုက ပြောပေမယ့် တစ်ချို့ကတော့ ဒီလအတွင်း အရောင်းအ၀ယ် အနည်းငယ်အေးသွားတယ်လို့ လည်း ပြောပါတယ်။ 

 

 

 

Related News