Yangon Innovation Center (YIC) တည်ထောင်လုပ်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ Seedstars Co.,Ltd(စိ့စတားကုမ္မဏီ)တို့ အကြား သဘောတူညီမှုရရှိထားပြီး (YIC)ကနေရရှိလာတဲ့   ၀င်ငွေနဲ့ အသားတင်အမြတ်ငွေတွေကနေ (၂၅)ရာခိုင်နှုန်းစီ ရရှိမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်တင်ဘာ(၂၈)ရက်ကပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းဝေး (၁၂)ရက်မြောက်နေ့မှာ ပြောကြားပါတယ်။Yangon Innovation Center တည်ထောင်ဖွင့်လှစ်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲဝန်းကျင်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာ လုပ်ဆောင်ဖို့ ကြေငြာ နိုင်ခဲ့ပါတယ်။

(YIC)ဆိုတာကတော့ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် ဆန်းသစ် တီထွင်ခြင်းအလေ့အကျင့်နဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေ ဖွံ့ဖြိုးစေဖို့နဲ့အထောက်အကူအပြုတဲ့ ဂေဟစနစ်ကို ဖော်ဆောင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းတာဝန်တွေနဲ့ လုပ်ပိုင်ခွင့်ပေးအပ်ကာ ဖွဲ့စည်း တည်ထောင်တဲ့ ဗဟိုဌာနတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ (YIC)ကို ဆိပ်ကမ်းမြို့နယ်၊ ကျန်းမာရေး ဆိပ်ကမ်းဝင်းအတွင်းရှိ အဆောက်အဦး အပေါ်ထပ် စတုရန်းပေ (၁၀၀၀၀)ခန့်ရှိတဲ့နေရာမှာ BOT စနစ် (၅)နှစ်မှ (၇)နှစ်အထိ အသုံးပြုခွင့်ရမှာဖြစ်ပြီး (YIC)ချမှတ်ပေးထားတဲ့(mandate)နဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကို Seedstars Co.,Ltd(စိ့စတားကုမ္မဏီ)က အကောင်အထည် ဖော်လုပ်ဆောင် ရမှာဖြစ်ပါတယ်။

(YIC)အတွက် စီးပွားရေးဆိုင်ရာသဘောတူညီမှုအရ ကနဦးမတည် ရင်းနှီးငွေ ဒေါ်လာ နှစ်သိန်းခွဲကို သုံးပြီးနေရာကို ပြင်ဆင်ဖို့နဲ့ (၅)နှစ်အတွင်း လုပ်ငန်းဆောင်တာတွေအတွက် ဒေါ်လာ(၁.၁)သန်းကိုအသုံးပြုမှာလည်းဖြစ်ပါတယ်။ (YIC)ကနေရရှိလာတဲ့   ၀င်ငွေနဲ့ အသားတင် အမြတ်ငွေ တွေ ကနေ(၂၅)ရာခိုင်နှုန်းစီကို ပေးဆောင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။Yangon Innovation Center  တည်ဆောက်ဖွင့်လှစ်မယ့်ကာလနဲ့ လူငယ်လူရွယ်များကိုသင်တန်ပေးဖို့  ဘယ်လို ပညာအရည်အချင်း သတ်မှတ်ပြီး ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်နေသလဲဆိုတာကို ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက မေးခွန်းမေးမြန်းခဲ့တာပါ။

(YIC)ကိုလုပ်ဆောင်ဖို့ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ(၆)ခုထဲက Seedstars Co.,Ltd(စိ့စတားကုမ္မဏီ)ကို ရွေးချယ်ခဲ့တာဖြစ်ပြီး လက်ရှိမှာလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သဘောတူညီမှုတွေရရှိထားပြီး မကြာမီမှာ စာချုပ်ချုပ်ဆိုနိုင်အောင် ပြင်ဆင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ (YIC)အတွက် (စိ့စတားကုမ္မဏီ)ဟာ ပြည်တွင်း/ပြည်ပက ဆန်းသစ်တီထွင်ကဏ္ဍနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ တစ်မူထူးတဲ့ကိုယ်ပိုင်လက္ခဏာကိုယ်စားပြု ဆန်းသစ်တီထွင်ကဏ္ဍအစီအစဉ်တစ်ခုဖော်ဆောင်ဖို့နဲ့ ဆန်းသစ်တီထွင်ခြင်း အလေ့အကျင့်နှင့် စွန့်ဦးတီထွင်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒတွေချမှတ်ရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို  အကြံပြုတင်ပြရမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News