ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်တွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေမှန် တွေကိုသိရှိအောင် ကွင်းဆင်းလေ့လာတွေ့ဆုံဆွေးနွေးမှုတွေအရ စက်မှုဇုန်တချို့ဟာ စက်မှုဇုန်ကြီးအဖြစ်နဲ့ ရပ်တည်ဖို့ မသင့်တော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရဲ့  ဦးဆောင်၊လမ်းညွှန်မှုနဲ့အတူ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက နိုဝင်ဘာလအတွင်းမှာ တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်(၂၈)ဇုန်ကို ကွင်းဆင်းလေ့လာနေတာ ဖြစ်ပါတယ်။

စက်မှုဇုန်(၁၀)ဇုန်နီးပါး ကွင်းဆင်းပြီးချိန်မှာ ယခင်က စက်မှုလက်မှုရပ်ကွက်ကနေ စက်မှုဇုန်အဖြစ် သတ်မှတ်တည်ထောင်ခဲ့တဲ့ ဇုန်တွေ၊ ဇုန်အသေးတွေအနေနဲ့ အနာဂတ်မှာ ဇုန်အဖြစ် တည်ရှိသင့်တဲ့အခြေအနေတွေ မရှိသလောက်နည်းနေပြီး စက်မှုဇုန် တချို့ကတော့ ဇုန်အဖြစ်ရပ်တည်ဖို့ မသင့်တော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားခဲ့တာပါ။ တောင်ဥက္ကလာပစက်မှုဇုန်ဟာ စက်ရုံကြီးတွေနည်းပါးလာတာ၊ ကုန်ကားတွေ အ၀င်အထွက်အခက်အခဲ စတာတွေအပါအ၀င် လက်ရှိမြို့အနေအထားအရ လူနေအိမ်တွေနဲ့ ရောထွေးလာတာ၊ ဈေးဆိုင်းခန်းတွေများပြားလာတာ၊ မီးရေးထင်းရေးကိစ္စတွေ စိုးရိမ်စရာရှိလာတဲ့ အနေအထားတွေရှိလာလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စက်မှုဇုန်တချို့ဟာ ဇုန်အင်္ဂါရပ်နဲ့လည်း မညီညွတ်တော့ဘဲ အဆင့်မြှင့်တင်တာတွေလည်း မရှိတော့တာကြောင့် စက်မှုဇုန်ကြီး အဖြစ်နဲ့ ရပ်တည်ဖို့ မသင့်တော့ဘူးလို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ လက်ရှိ တိုင်းဒေသကြီး အတွင်းမှာ နောက်ထပ် စက်မှုဇုန်အသစ်(၁၁)ဇုန်ထပ်မံဖော်ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။စက်မှုဇုန်အဟောင်းတွေကိုလည်း ပြန်လည်အဆင့်မြှင့်တင်ဖို့ လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူဝါဒချမှတ်ခဲ့လို့ ခုလိုဖော်ဆောင်လုပ်ကိုင်နေတာဖြစ်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ကွင်းဆင်းမှုကနေ ရရှိလာတဲ့ အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌကတဆင့် တိုင်းဒေသကြီးအစိုးရကို တင်ပြမှာဖြစ်ပြီး နိုင်ငံတော်သမ္မတထံကိုလည်း တိုက်ရိုက်တင်ပြပေးသွားမယ်လို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီက ပြောပါတယ်။ 

 

 

Related News