ဒီဇင်ဘာလအစ ပထမအပတ်အတွင်း မန္တလေးပဲဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံ ဈေးကျပြီး အရောင်းအဝယ်အေးနေတယ်လို့ မန္တလေးကုန်စည်ဒိုင်အသင်းကသိရပါတယ်။ ယခုဒီဇင်ဘာလအစပထမပတ်မန္တလေးပဲဈေးကွက်မှာ ပြည်ပတင်ပို့တဲ့ ပဲအမျိုးအစားဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံနဲ့ ကုလားပဲ အမျိုးအစားတွေဈေးကျနေတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ၄ရက် မန္တလေးပဲဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံ(၃)တင်းဝင် တစ်အိတ်ကို ကျပ်၇သောင်းခွဲဝန်းကျင်ဈေးရှိနေပါတယ်။

မန္တလေးပဲဈေးကွက်မှာပြီးခဲ့တဲ့ နိုဝင်ဘာလကုန်က မတ်ပဲ(၃)တင်း ဝင်တစ်အိတ်ကို အမြင့်ဆုံးဈေးကျပ်(၈)သောင်းခွဲဝန်းကျင်၊ ပဲစင်းငုံ(၃)တင်းဝင်တစ်အိတ်ကို ကျပ်၈သောင်းဝန်းကျင်ရှိခဲ့ ပါတယ်။ ဒါကြောင့်လက်ရှိဈေးကနိုဝင်ဘာလကုန်မတ်ပဲဈေးထက်(၁)သောင်းဝန်းကျင်ကျခဲ့ပြီး ပဲစင်းငုံက(၅)ထောင်ဝန်းကျင် ဈေးကျခဲ့ပါတယ်။

လက်ရှိမန္တလေးပဲဈေးကွက်မှာပြည်တွင်းမှာသုံးတဲ့ ပဲရော ပြည်ပတင်ပို့တဲ့ပဲအစုံဈေးကျပြီးအရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ Export တင်ပို့နေတဲ့ကုလားပဲအမျိုးအစားတွေထဲက ထိုင်ဝမ်နဲ့ 929 ကုလားပဲအမျိုးအစားတွေကိုတော့ ၃တင်းဝင် ၁အိတ်ကို ၈၁၀၀၀ကျပ်ဈေးနဲ့ မန္တလေးစက်ပိုင်တွေဝယ်ယူနေတယ်လို့သိရပါတယ်။

ပြည်တွင်းသုံးပဲတွေဖြစ်တဲ့ ပဲနီပြား၊စတော်ပဲ၊ထောပတ်ပဲ၊ပဲကြီး၊ပဲလွန်းပြာ၊ပလွန်းဝါ၊ပဲလိပ်ပြာပဲအမျိုးအစားတွေလည်း ဈေးကျနေတယ်လို့သိရပါတယ်။ တောင်သူလက်ထဲ ပဲကျန်နည်းသွားပြီးဖြစ်ပြီး ရာသီကုန်ချိန်ဖြစ်တာကြောင့်ပုံမှန်အတိုင်းဈေးကျတာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမန္တလေးပဲဈေးကွက်မှာပဲမျိုးစုံဈေးကျနေပေမယ့်နှမ်းနက်အရောင်းအဝယ်ကောင်းနေတယ်ပြီး ဒီဇင်ဘာလ၄ရက်က နှမ်းနက်၃တင်းဝင်တစ်အိတ်ကို၂ သိန်း၅ သောင်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News