သတ္တမအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာချည်မျှင်နှင့် အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲကို အင်းယားလိတ်ခ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကုန်သွယ်ရေးစင်တာမှာ ဒီဇင်ဘာ ၆ ရက်ကနေ ၉ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယခုပြုလုပ်နေတဲ့ ပြပွဲမှာ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီ၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်စတဲ့ နိုင်ငံများမှ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ ထိပ်တန်းနာမည်ကြီး ကုန်ပစ္စည်းအမျိုးပေါင်း ၁၃၀ ကျော်ကို ခင်းကျင်းပြသနေတာဖြစ်ပါတယ်။

ပြပွဲမှာ နောက်ဆုံးပေါ် ပန်းထိုးစက်၊ ဇာထိုးပြားစက်တွေ၊ ချုပ်စက်၊ ဖြတ်စက်တွေအပြင် အထည်အလိပ်၊ချည်မျှင်တွေနဲ့  ဒီဂျစ်တယ်ပရင့်ပိုင်းဆိုင်ရာ စက်ပစ္စည်းတွေ ပြသနေတာပါ။ ဒီပြပွဲမှာ ချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ နောက်ဆုံးပေါ်စက်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်း ကြည့်ရှုပြီး ၀ယ်ယူလို့ရမှာဖြစ်တာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လာရောက် လေ့လာသင့်တဲ့ ပြပွဲတစ်ခုဖြစ်တယ်လို့ UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်က ပြောပါတယ်။မြန်မာ့အပြည်ပြည်ဆိုင်ရာချည်မျှင်နှင့် အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲ တွေကို Yorkers ကုန်သွယ်ရေးနှင့် ဈေးကွက်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Yorkers ကုမ္ပဏီက အာဆီယံနိုင်ငံတစ်ဝှမ်းမှာ ကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးပြပွဲတွေ ဦးဆောင်ကျင်းပလာခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပါကစ္စတန်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာ စက်ယန္တရားနှင့် သက်ဆိုင်တဲ့ ပြပွဲပေါင်းများစွာ ကျင်းပပြီးဖြစ်တယ်လို့ သိရပါတယ်။(ဘာသာပြန်- ကျွန်မတို့ Yorkers(ရုပ်ကာ)က မြန်မာ့နိုင်ငံတကာဆိုင်ရာ ချည်မျှင်နှင့် အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှုပြပွဲစလုပ်ကတည်းက မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်ခဲ့တာပါ။ ဒီတခါပွဲမှာတော့ မြန်မာနိုင်ငံထဲကို နည်းပညာမြင့်တဲ့ ချည်မျှင်နှင့် အထည်အလိပ် စက်ပစ္စည်းတွေ ယူဆောင်ပေးလာပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းထဲက စက်တွေ အတော်ဟောင်းနေပြီလို့သိရတယ်။ ဒါကြောင့် စက်အသစ်၊ နည်းပညာအသစ်တွေ ပြောင်းလဲချိန်တန်ပြီမလို့ ကျွန်မတို့က တာဝန်ယူပြီး ဒီနည်းပညာတွေ၊ စက်တွေကို မိတ်ဆက်ပေးတဲ့သဘောပါပဲ)သတ္တမအကြိမ်မြောက် မြန်မာ့အပြည်ပြည်ဆိုင်ရာချည်မျှင်နှင့် အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပွဲကိုလာရောက်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ စက်ပစ္စည်းတွေကို ဝယ်ယူချင်ရင် အစမ်းကာလ အနေနဲ့ တစ်ပတ်ကနေ တစ်လအတွင်း ပေးသုံးသွားမှာဖြစ်ပြီး လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမှသာ ဝယ်ယူငွေပေးချေရမယ့် အခွင့်အရေးတွေ ရှိတယ်လို့ သိရပါတယ်။

 

 

 

Related News