ဆန်သစ်တွေနယ်စုံက၀င်လာတာကြောင့် ဆန်ဈေးအနည်းငယ်ပြန်ကျနေပေမယ့် အရောင်းအ၀ယ်အေးနေတယ်လို့ ရန်ကုန်မြို့ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ဆန်အသစ်တွေဈေးကျတာကတော့ ဆန်အသစ်တွေအ၀င်များတဲ့အပြင် ဆန်အသစ်ကအထားမခံတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အရောင်းအေးနေတာကတော့ စားသုံးသူတွေအနေနဲ့ ဆန်အသစ်ကို အစားနည်းတဲ့အပြင် Export ဈေးကွက်နဲ့လည်း သက်ဆိုင်တယ်လို့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်  ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။ပေါ်ဆန်းအဟောင်းတစ်အိတ်ပျမ်းမျှငွေကျပ်ငါးသောင်းကျော်ထိရှိပြီး ပေါ်ဆန်းဆန်သစ်တစ်အိတ်ငွေကျပ်သုံးသောင်း ငါးထောင်မှလေးသောင်းတစ်ထောင်အထိ ရှိတယ်လို့သိရပါတယ်။

ဆန်အကြမ်း ရက်(၉၀)အဟောင်းဈေးကတော့ တစ်အိတ်ကို ငွေကျပ်သုံးသောင်းမှ သုံးသောင်းတစ်ထောင်အထိရှိပြီး ဆန်အကြမ်းအသစ်ဈေး တစ်အိတ်ကိုငွေကျပ် တစ်သောင်းရှစ်ထောင့်ငါးရာမှ နှစ်သောင်းနှစ်ထောင့်ငါးရာအထိရှိတယ်လို့သိရပါတယ်။ အခုလို ဆန်အသစ်ဈေးတွေကျနေရတာဟာ နယ်အစုံမှ ဆန်အသစ်တွေဝင်ရောက်လာတာကြောင့် ဈေးပြန်ကျနေတာလို့ ဆန်အကျိုးတော်ဆောင်တွေကပြောပါတယ်။ဆန်အ၀င်ပုံမှန်ပြန်ဖြစ်ပြီး၊ Export ဈေးကွက် ပြန်လည်ကောင်းလာရင်တော့ ဆန်အရောင်းအ၀ယ်ပြန်လည်ကောင်းလာမှာဖြစ်ပြီး ဆန်ဈေးတွေကတော့ ထပ်ကျဖို့မရှိနိုင်တော့ဘူးလို့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်ကသိရပါတယ်။

 

 

 

Related News