ကြွေထည်မြေထည်လုပ်ငန်းဟာ မြန်မာ့လက်မှုရိုးရာလုပ်ငန်းတစ်ခုဖြစ်ပြီး မြေအိုးအစားထိုးပစ္စည်းတွေ ၀င်လာမှုကြောင့် ယနေ့ခေတ်မှာ လုပ်ကိုင်သူတွေ ရှားပါးလာကြပါတယ်။ လက်ရှိလုပ်ကိုင်သူတွေအနေနဲ့လည်း နည်းပညာအခက်အခဲတွေ ရှိပေမယ့် စိန်ခေါ်မှုတွေနဲ့ လုပ်ကိုင်နေရပါတယ်။မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် လေးစုရပ်ကွက်မှာနေထိုင်တဲ့ ကိုလှမျိုးမင်းကတော့ တစ်နိုင်တစ်ပိုင် ကြွေထည် မြေထည်လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးပါ။ ဘွန်ဆိုင်းအပင်တွေ စိုက်ပျိုးတာကို ၀ါသနာပါပြီး ဘွန်ဆိုင်းအပင်တွေအတွက်  အိုးရှာဖွေရတာ ခက်ခဲရာကနေ ကိုယ်တိုင်အိုးလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သင်ဆရာမရှိဘဲ အင်တာနက်ကနေ မြေအိုးလုပ်နည်း တွေကို လေ့လာခဲ့ပြီး အခုလို တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်လာတယ်လို့ဆိုပါတယ်။ စတင်လုပ်ခဲ့စဉ်မှာ အိုးအကြောင်းနားမလည် တာတွေ မြေရောစပ်ပုံနားမလည်တာတွေကြောင့် ပျက်စီးခဲ့တဲ့ အိုးတွေရှိခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဘွန်ဆိုင်း အပင်တွေအတွက် အိုးတွေကို အဓိကထားပြုလုပ်နေပေမယ့် အော်ဒါမှာယူသူတွေရှိရင်လည်း တခြားအိုးတွေကိုပါ ပြုလုပ်ပေးနေတယ်လို့ ကိုလှမျိုးမင်းက ဆိုပါတယ်။

အိုးတစ်အိုးဖြစ်ဖို့ အချိန်တွေများစွာယူရပါတယ်။ အနည်းဆုံး ဆယ်ရက်ခန့် အချိန်ပေးမှ အိုးကောင်းတစ်လုံးရနိုင်တယ်လို့ ဆိုပါတယ်။ အဆင့်ဆင့်ပြုလုပ်ရပြီး နောက်ဆုံးအဆင့်မီးဖုတ်တဲ့အခါမှာ အပူချိန် 1000 ဒီဂရီ C ထိအပူပေးရတယ်လို့ သိရပါတယ်။ အိုးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ရွှံတွေကိုတော့ အပြင်ကမှာယူပြီး ကိုယ်တိုင်ရွှံတွေကို ရောစပ်ပြီး အိုးပြုလုပ် ဖြစ်တယ်လို့ ကိုလှမျိုးမင်းက ဆိုပါတယ်။ နည်းပညာအခက်အခဲတွေရှိတာကြောင့် အိုးလုပ်ငန်းဟာ စိန်ခေါ်မှုတွေနဲ့သာ လုပ်ကိုင်နေရတယ်လို့ ကိုလှမျိုးမင်းက ပြောပါတယ်။ကိုလှမျိုးမင်းပြုလုပ်တဲ့ အိုးတွေဟာ ဒီဇိုင်းရေးဆွဲထားတဲ့လက်ရာတွေက နည်းပါပြီး ဒီဇိုင်းပုံမပါတဲ့  အိုးတွေကိုအများဆုံး ပြုလုပ်ဖြစ်တယ်လို့ သိရပါတယ်။ အိုးလုပ်ငန်းကို ဒီထက်ပိုလုပ်ကိုင်ချင်တာကြောင့် လက်ရှိမှာ ပန်းပုထုလုပ်တဲ့သင်တန်းကို တက်ရောက်နေပြီး သင်တန်းပြီးရင်တော့ ရွှံနဲ့ ပန်းပုရုပ်တွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

 

Related News