မြန်မာ့ကားဈေးကွက်မှာ ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်အေးနေဆဲဖြစ်ပေမယ့်  ဒီကားတွေရဲ့ဈေးနှုန်းပိုင်းကတော့ လက်ရှိမှာ(၂၀၁၉)ခုနှစ် နှစ်စကဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းဆုံးကျပ်(၁၀)သိန်းခန့် ဈေးတက်ခဲ့တယ်လို့ ကားဈေးကွက်က သိရပါတယ်။ နွေရာသီကားဈေးကွက်ဟာ နှစ်စဉ်ပုံမှန်အရောင်းအ၀ယ်ကောင်းနေကြဖြစ်ပေမယ့် ဒီနှစ်ဂျပန်တစ်ပတ်ရစ် ကားဈေးကွက်မှာတော့ သင်္ကြန် မတိုင်ခင်ကတည်းက ဈေးကွက်အေးနေခဲ့ပြီး သင်္ကြန်ပြီးကာလ လက်ရှိချိန်မှာတော့ ပိုမိုအေးစက်နေဆဲဖြစ်တယ်လို့ ကားဈေးကွက်က သိရပါ တယ်။ ဈေးနှုန်းပိုင်းမှာလည်း အခုဧပြီလထဲ ထူးထူးခြားခြားပြောင်လဲမှုမရှိခဲ့ပါဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီလိုနွေရာသီမှာ ကားဈေးကွက် အရောင်းအ၀ယ်ကောင်းခဲ့ပေမယ့် ဒီနှစ်မှာတော့  အရောင်းအ၀ယ်အေးစက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်တစ်ပတ် ရစ်ကားတွေ အရောင်း အ၀ယ်အေးစက်နေရတာက ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချပေးမယ့် လျှပ်စစ်ကားတွေကို ဈေးနှုန်းကျပ်သိန်း(၂၀၀)ကျော် ရန်ကုန်လိုင်စင်နဲ့ ရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေအပါအ၀င် ပြည်တွင်းထုတ်(Brand New)ကားတွေ အ၀ယ်များလာတာတွေကြောင့် ဖြစ်တယ်လို့ ကားဝယ် ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။(၂၀၁၉)နှစ် စက ကားဈေးနှုန်းအခြေအနေနဲ့ လက်ရှိချိန် ဈေးနှုန်းပိုင်းကိုနှိုင်းယှဉ်ကြည့်ရင်တော့ ကားမော်ဒန်၊ အင်ဂျင်ပါဝါအလိုက် ဈေးကွာခြား ချက်ရှိမှာဖြစ်ပြီး အင်ဂျင်ပါဝါ အနိမ့်ပိုင်းကားတွေတောင် အနည်းဆုံးငွေကျပ်(၁၀)သိန်းဝန်းကျင်ခန့် ဈေးတက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်း ကားဈေးကွက်မှာ အရောင်းအ၀ယ် အကောင်းဆုံးဖြစ်တဲ့ ကားတွေကတော့ အင်ဂျင်ပါဝါ (၁၅၀၀)စီစီရှိ ကားတွေဖြစ်ပြီး အင်ဂျင်ပါဝါ (၁၅၀၀)စီစီ ဂျပန်တစ်ပတ်ရစ်ကားဟောင်းတွေအနေနဲ့ လက်ရှိပေါက်ဈေး ကျပ်သိန်း(၁၅၀)ကနေ (၂၀၀)၀န်းကျင်ကြားဈေး ရှိနေတယ်လို့ သိရပါတယ်။ဒီနှစ်(၂၀၁၉)ခုနှစ် ကားတင်သွင်းခွင့်မူဝါဒမှာ မော်ဒယ်မြင့်၊ဘယ်မောင်းကားတွေကိုသာ တင်သွင်းခွင့်ပြုထားတာကြောင့် ဒီကားတွေရဲ့ ပြည်ပကားဈေးကြီးမြင့်မှုနှင့်အတူ ပြည်တွင်းအခွန်ငွေကလည်း မြင့်မားနေတာ ဖြစ်ပါတယ်။ တစ်နိုင်တစ်ပိုင်ယာဉ်ရောင်းဝယ်ရေး စခန်းတွေမှာ ဒီနှစ် ဂျပန်တစ်ပတ်ရစ်ကားတင်သွင်းမှု မရှိသလောက်နည်းပါးနေခဲ့ပြီး အရင်နှစ်တွေက တင်သွင်းထားပြီးသာ ကျန်ရှိနေတဲ့ ကားတွေနဲ့ ပြည်တွင်းကသုံးပြီးသား ကားဟောင်းတွေကိုသာ ပြန်လည်ဝယ်ရောင်းလုပ်ကိုင်နေကြတာများတယ်လို့ ကားဈေးကွက်က သိရပါတယ်။ မြန်မာ့ကားဈေးကွက်အတွင်း ပြည်တွင်းထုတ် (Brand New)ကားသစ်တွေကတော့ အရောင်းအ၀ယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

 

 

Related News