(Myanmar Tourism Bank ) မြန်မာ့ခရီးသွားဘဏ် မိတ်ဆက်ခြင်းအခမ်းအနားကို မေလ(၆)ရက် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာပြုလုပ်ခဲ့ပြီး ရန်ကုန်ရုံးချုပ်ဖွင့်လှစ်ခြင်းအခမ်းအနားကိုတော့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိတဲ့ မြန်မာ့ခရီးသွားဘဏ် ရုံးချုပ်မှာပြုလုပ်ခဲ့ပါတယ်။(Myanmar Tourism Bank ) မြန်မာ့ခရီးသွားဘဏ်မိတ်ဆက်ခြင်းအခမ်းအနားနှင့် ရုံးချုပ်ဖွင့်လှစ်ပွဲကိုတော့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ငွေကြေးရေးကဏ္ဍတွေမှာ ဘဏ်လုပ်ငန်းဘက်မှ ပံ့ပိုးပေးနိုင်စေဖို့ရည်ရွယ်ပြီး မြန်မာ့ခရီးသွားဘဏ်ကိုတည်ထောင်ရတာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ လိုအပ်နေတဲ့ ငွေကြေးအထောက်အပံ့တွေကို အဆင်ပြေချောမွေ့စွာဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ခရီးသွားဘဏ်ကို (၂၀၁၈)ခုနှစ် ဇူလိုင်လမှာ ဘဏ်လုပ်ငန်းဖွင့်လှစ်ခွင့်လိုင်စင် ရရှိခဲ့တာဖြစ်ပြီး မြန်မာ့ခရီးသွားဘဏ်က ပြည်တွင်းမှာရှိတဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးတဲ့ ပထမဆုံးဘဏ်ဖြစ်တယ် လို့လည်းသိရပါတယ်။ဒါ့အပြင် ဘဏ်မှရရှိတဲ့အကျိုးအမြတ်ထဲမှ (၅)ရာခိုင်နှုန်းကို ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။

မြန်မာ့ခရီးသွားဘဏ်အနေနဲ့ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနှင့်နေပြည်တော်တို့မှာပါ ဘဏ်ခွဲတွေဖွင့်လှစ်နိုင် အောင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် တစ်နှစ်အတွင်းမှာလည်း ဘဏ်ခွဲပေါင်း(၁၀)ခုကို ဖွင့်လှစ်နိုင်အောင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

 

Related News