လျှပ်စစ်မီးပြတ်တောက်မှုကြောင့် YBS ယာဉ်လိုင်းတွေက ကားများ CNG ဖြည့်တင်းမှုခက်ခဲနေတယ်လို့ YBSယာဉ်လိုင်းမှ ယာဉ်မောင်းတွေမှ ပြောပါတယ်။လက်ရှိမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် YBS ယာဉ်လိုင်းမှာ မောင်းနှင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ ထောက်ကြန့်မြို့နယ်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာ CNG ဖြည့်တင်းဖို့အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ အခုလို CNG ဖြည့်တင့်ဖို့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတဲ့အတွက်  YBSယာဉ်လိုင်းကကားတွေ ပြေးဆွဲရတဲ့ အခေါက်ရေတွေလည်း လျော့နည်းသွားသလို ခရီးသွားပြည်သူတွေစီးနင်းရတာလည်း ကားတစ်စီးနဲ့တစ်စီးကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းရတဲ့ အချိန်တွေလည်းရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ CNGကို အချိန်ကြာမြင့်စွာ ဖြည့်တင်းနေရလို့ ခေါက်ကြေးအရ၀င်ငွေမရရှိတော့ပဲ လစာအနေနဲ့သာ ရရှိကြတာဖြစ်လို့ သိရပါတယ်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာ ယာဉ်မောင်းတွေအနေနဲ့ CNG ဖြည့်တင်းရာမှာ တန်းစီရတဲ့ အခက်အခဲတွေတော့ရှိနေပြီး အရောင်းဆိုင်တွေအနေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်မီးစက်နဲ့ အလှည့်ကျ ဖြည့်တင်းပေးနေတယ်လို့ သိရပါတယ်။ တစ်ရက်ကို CNG ဖြည့်တင်းမှုမှာ  YBSယာဉ်လိုင်းများမှကားများနဲ့ ဟိုင်းလတ်အပါအ၀င် အစီးရေ(၂၀၀)ကျော် ဖြည့်ပေးနေရတယ်လို့ သိရပါတယ်။CNG ဖြည့်တင်းမှုတွေအတွက် စောင့်ဆိုင်းရချိန်တွေ လျော့နည်းစေဖို့အတွက် CNG ဖြည့်တင်းတဲ့ Pump တွေကို တိုးချဲ့ပေးရင်အဆင်ပြေနိုင်သလို လိုင်း Pressure အားကောင်းရင်လည်း ဖြည့်တင်းချိန်မြန်ဆန်တာကြောင့် အချိန်ကုန်လည်း သက်သာစေမှာဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

 

 

Related News