တက္ကသိုလ်ကျောင်းသားတွေ ဘွဲ့ရပြီးချိန်မှာ  သင်ယူလာတဲ့ပညာတွေကို အဆင်ပြေစွာ အသုံးချနိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား လိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာအပလီကေးရှင်း အသုံးချညီလာခံ( ICCA)  ကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ(၁၆)ရက်က ကျင်းပသွားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။  ကျောင်းသားတွေ ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေပြေလုပ်ကိုင်နိုင်အောင် တက္ကသိုလ်ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေကို ပေါင်းစပ်ပေးဖို့ လိုအပ်ပြီး ဘွဲ့ရတာနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖြစ်စေဖို့ လိုအပ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ပြည်တွင်းက ပညာရေးကဏ္ဍမှာ ကျောင်းဖွံ့ဖြိုးတိုးတက်မှုတွေအပါအ၀င် သင်ကြားရေးမှာပါ နိုင်ငံတကာနဲ့ယှဉ်ရင် ခေတ်နောက်ကျနေပြီး အားနည်းနေသေးတဲ့အတွက် နည်းပညာတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက်္ကသိုလ်တွေ အနေနဲ့ အရင်ကဘွဲ့ရခါနီးအချိန်မှသာ လေ့လာရေးအတွက် လုပ်ငန်းခွင်ထဲ စေလွှတ်လေ့ရှိပြီး အခုနှစ်မှာတော့ ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ လုပ်ငန်းခွင်ထဲ (၃)လ လုပ်ကိုင်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်တို့ အပါအ၀င် အသက်မွေးဝမ်းကျောင်းတက်္ကသိုလ်(၈၀)ခု ရှိတယ်လို့သိရပါတယ်။

 

 

Related News