ရန်ကုန်မြို့မှာ စာအုပ်စာပေတစ်နေရာထဲမှာ ဖတ်နိုင်တဲ့ နေရာတွေများလာသလို စာဖတ်တဲ့ လူငယ်တွေကလည်း စာပေဖတ်ရှုမှုတွေ ပိုမိုစိတ်ဝင်စားလာတယ်လို့ စာအုပ်ရောင်းချသူ အသိုင်းအ၀ိုင်းကသိရပါတယ်။စာအုပ်စာပေတွေကို တစ်နေရာထဲမှာဖတ်နိုင်တဲ့ နေရာတွေ များလာသလို စာပေ၀ါသနာပါသူ တွေအတွက် မကြာသေးခင်က ဖွင့်လှစ်ထားတဲ့ လမ်းမတော်မြို့နယ်ရှိ ရန်ကုန်စာအုပ်ပလာဇာ ကိုလည်းလူငယ်တွေအများဆုံးလာရောက် ဖတ်ရှုကြတာကိုတွေ့ရပါတယ်။ ရန်ကုန်စာအုပ်ပလာဇာမှာတော့ မတူကွဲပြားတဲ့ စာအုပ်မျိုးပေါင်း နှစ်သောင်းကျော်နဲ့ စာအုပ်အရေအတွက် တစ်သိန်းကျော်ခန့်ရှိပြီး စာအုပ်အဟောင်းတန်းတွေမှာ ငွေကျပ် ၁၀၀၀ ဖိုး ၃အုပ်ကနေ ၅ အုပ်ထိ ဈေးလျော့ရောင်းပေးထားတယ်လို့ သိရပါတယ်။

ဒါဟာ လူငယ်တွေ စာဖတ်ချင်စိတ် တိုးတက်လာအောင် တထောင့်တနေရာကနေ ဖြည့်ဆည်းပေးတာလို့ ပြောပါတယ်။ တစ်ချိန်ကနာမည်ကျော်ကြားခဲ့တဲ့ စာရေးဆရာ၊ဆရာမကြီးတွေအကြောင်းကို လူငယ်တွေ ဗဟုသုတရရှိစေဖို့ တစ်လတစ်ခါ အထိမ်းအမှတ်ပွဲတွေနဲ့ မွေးနေ့ပွဲတွေကို ရန်ကုန်စာအုပ်ပလာဇာမှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ လူငယ်တွေစာပေဖတ်နှုန်းကိုမြင့်တက်လာစေဖို့အတွက် စာအုပ်တွေကို တစ်နေရာတည်းမှာ ရသမျိုးစုံဖတ်နိုင်အောင် ရန်ကုန်မြို့တွင်းမှာ လမ်းဘေးပလက်ဖောင်း စာအုပ်ဆိုင်တွေနဲ့ စာအုပ်တိုက် တွေမှာလည်း စုံစုံလင်လင်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

 

 

Related News