မသန်စွမ်းကလေးငယ်တွေရဲ့ ပညာသင်ယူနိုင်ခွင့်အခွင့်အရေးတွေပိုရလာအောင်သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိုမိုအလေးပေးလုပ်ဆောင်ပေးကြဖို့ မသန်စွမ်းတွေအပါအ၀င် ကလေးငယ်တွေက မတ်လ ၂၂ရက်က ရန်ကုန်မြို့ ဧဒင်မသန်စွမ်းရိပ်မြုံကျောင်းမှာ ကမ်ပိန်းတစ်ခုပြုလုပ်တောင်းဆို လိုက်ပါတယ်။ ဉဏ်ဇင်စိုးက တင်ဆက်ပေးပါမယ်။ We ring the bell  လို့အမည်ပေးထားတဲ့ အခုကမ်ပိန်းကိုတော့ မြန်မာနိုင်ငံအပါအ၀င် အာရှ၊ အာဖရိကနဲ့အမေရိကတိုက်တွေက နိုင်ငံပေါင်း၂၃နိုင်ငံက မတ်လ၂၂ရက်နေ့မှာ တပြိုင်နက် ပြုလုပ်တာဖြစ်ပြီး မသန်စွမ်းကလေးငယ်တွေရဲ့ပညာသင်ကြားခွင့်ကိုပိုမိုအလေးပေး ဆောင်ရွက် ပေးကြဖို့ ကလေးငယ် တစ်သိန်းခွဲ ကျော်က အတူတကွပါဝင်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဧဒင်မသန်စွမ်းရိပ်မြုံမှာလုပ်တဲ့ အခုကမ်ပိန်းကိုတော့ ဧဒင်မသန်စွမ်းရိပ်မြုံက မသန်စွမ်း ကလေးငယ်တွေ၊ အင်းစိန် ဖော့ကန် ရပ်ကွက်က ကျောင်းသားကလေးငယ်တွေနဲ့ပုလဲမိဘမဲ့ဂေဟာက ကလေးငယ်တွေက တူရိယာပစ္စည်းတွေနဲ့အတူတကွ အချက်ပေးတောင်းဆိုခဲ့ကြတာပါ။၂၀၀၉ခုနှစ်တုန်းကကောက်ယူခဲ့တဲ့ စာရင်းတွေအရမြန်မာနိုင်ငံမှာမသန်စွမ်းဦးရေ ၁၃သိန်း လောက်ရှိပြီး တ၀က်ကျော်ဖြစ်တဲ့ ၅၃ရာခိုင်နှုန်းလောက်က ပညာသင်ယူခွင့် မရရှိကြဘူးလို့ သိရပါတယ်။ ပြီးခဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာတော့ မြန်မာနိုင်ငံမှာမသန်စွမ်း ၂၃သိန်း လောက်အထိရှိလာပြီးအဲဒီထဲမှာ ၁၇သိန်း လောက်က ကလေးငယ်တွေပါ။

ဒါပေမယ့် သူတို့ထဲက အရေအတွက်ဘယ်လောက်ကပညာသင်ခွင့်ရနေလည်းဆိုတာတိကျတဲ့ အချက်အလက်မရှိသေးဘူးလို့ သိရပါတယ်။မြန်မာနိုင်ငံမှာတော့ မသန်စွမ်းတွေအတွက်သီးသန့်ကျောင်း၂၀ကျော်ရှိပြီး မသန်စွမ်း အများစုကတော့ အဲဒီကျောင်းတွေမှာသာ သီးသန့်ပညာသင်ကြားနေရပါတယ်။ဧဒင်မသန်စွမ်း ရိပ်မြုံက တာဝန်ရှိသူ ကတော့ အဲဒီ့ ကျောင်းတွေထက်စာရင် အစိုးရကျောင်းတွေမှာ ပညာသင်ကြား ခွင့် အခွင့်အလမ်းတွေ ပိုရလာဖို့ သင်ရိုး၊ သင်ကြားပေးမယ့် ဆရာ၊နဲ့အထောက်အကူ ပစ်္စည်းတွေကို အမြန်ဆုံး ဖြည့်ဆည်းပေးသင့်တယ်လို့ပြော ရပါတယ်။ပညာသင်ကြားနိုင်တဲ့ မသန်စွမ်းတွေအစိုးရကျောင်းတွေမှာ ပညာသင်ယူနိုင်ခွင့်အတွက် အစိုးရ အခြေခံပညာကျောင်းတွေမှာ မသန်စွမ်းတွေကို လက်ခံဖို့ ၂၀၁၅ခုနှစ်အတွင်း အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပေဒနဲ့ မသန်စွမ်းအခွင့်အရေးဆိုင်ရာဥပဒေတွေမှာ ထည့်သွင်း အတည်ပြုထားပြီးဖြစ်ပေမယ့် မနှစ်ကအထိ အစိုးရကျောင်းတွေမှာ မသန်စွမ်းတွေ ကျောင်းအပ်နှံရာမှာ အခက်အခဲတချို့ရှိနေပါတယ်။

 

 

 

Related News